Zechariah 7
7:1 ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုလဟုခေါ်သော နဝမလ၊ လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါဇာခရိထံသို့ ရောက်လာပြန်၏။
7:2 ထိုအချိန်၌ ဗေသလမြို့သားတို့သည် ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူ၏လူအချို့တို့ကို ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်စေရန်နှင့်
7:3 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ရှိ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “အကျွန်ုပ်သည် နှစ်ပေါင်းများစွာကပင် ပဉ္စမလတွင် အစာရှောင်ငိုကြွေးခဲ့သည့်အတိုင်း ယခုလည်းပြုရမည်လော”ဟု မေးလျှောက်စေရန် စေလွှတ်၏။
7:4 တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၍
7:5 “ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။
7:6 သင်တို့ စားသောက်ကြသောအခါ ကိုယ့်အဖို့သာ ကိုယ်စားသောက်ကြသည်မဟုတ်လော။
7:7 ဂျေရုဆလင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့ရွာများ၌ လူအများစိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ကြရစဉ်က၊ နေဂေ့အရပ်နှင့်မြေနိမ့်ဒေသတွင် လူသူနေထိုင်သေးစဉ်က ထာဝရဘုရားသည် ရှေးပရောဖက်တို့မှတစ်ဆင့် ဤစကားတို့ကိုမိန့်တော်မူခဲ့ရသည် မဟုတ်လော’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
7:8 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါဇာခရိထံသို့ရောက်လာပြန်၍
7:9 “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အမှန်ကို အမှန်အတိုင်းစီရင်ဆုံးဖြတ်ကြလော့။ တစ်ဦးကိုတစ်ဦး မေတ္တာကရုဏာ ပြကြလော့။ သနားစုံမက်ကြလော့။
7:10 မုဆိုးမ၊ ဖတဆိုး၊ တိုင်းတစ်ပါးသားနှင့် ဆင်းရဲသားတို့ကို မနှိပ်စက်ရ။ သင်တို့စိတ်နှလုံးထဲ၌ တစ်ဦးကိုတစ်ဦး မကောင်းသောအကြံ မကြံစည်ရ’ဟု မိန့်တော်မူ၏။
7:11 သို့သော် သူတို့သည် ဂရုမစိုက်။ ခေါင်းမာမာနှင့် ကျောခိုင်းကြ၏။ မကြားနိုင်အောင် နားပိတ်ထားကြ၏။
7:12 သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
7:13 ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။
7:14 ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။