Numbers 31
31:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
31:2 “အစ္စရေးအမျိုးသားတို့အတွက် မိဒျန်လူမျိုးကိုလက်တုံ့ပြန်လော့။ ထို့နောက်မှ သင်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်”ဟု မိန့်တော်မူ၏။
31:3 မောရှေကလည်း လူတို့အား “မိဒျန်လူမျိုးအား ထာဝရဘုရားလက်တုံ့ပြန်ခြင်းအမှုကိုပြုရန် သင်တို့ထဲမှ လူအချို့ကို စစ်တိုက်ဖို့ လက်နက်ကိုင်စွဲစေပြီး မိဒျန်လူမျိုးတို့ထံသို့ ချီတက်စေလော့။
31:4 အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်ရမည်”ဟု မိန့်ကြားလေ၏။
31:5 သို့ဖြစ်၍ သူတို့သည် ထောင်ပေါင်းများစွာသောအစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီဖြင့် စစ်ပွဲအတွက် လက်နက်ကိုင်စွဲသူ အယောက်တစ်သောင်းနှစ်ထောင်ကို စုဆောင်းပေးလေ၏။
31:6 မောရှေသည် အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်လေ၏။ သူတို့နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကိုလည်း သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့် အချက်ပေးတံပိုးခရာများပါလျက် စစ်ပွဲသို့ စေလွှတ်လေ၏။
31:7 သူတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မိဒျန်လူမျိုးတို့ကို တိုက်ခိုက်၍ ယောက်ျားရှိသမျှတို့ကိုသတ်လေ၏။
31:8 ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
31:9 အစ္စရေးအမျိုးသားတို့သည် မိဒျန်အမျိုးသမီးများနှင့် သူတို့၏ကလေးများကို ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့၏သိုးနွားတိရစ္ဆာန်အားလုံး၊ ဥစ္စာပစ္စည်းအားလုံးကိုလည်း သိမ်းယူကြ၏။
31:10 သူတို့နေထိုင်ရာမြို့အားလုံး၊ သူတို့၏တပ်စခန်းအားလုံးကို မီးရှို့ပစ်ကြ၏။
31:11 လုယက်သိမ်းယူသော လူနှင့်တိရစ္ဆာန်အားလုံးကို ယူဆောင်သွားကြ၏။
31:12 သုံ့ပန်းများ၊ တိုက်ခိုက်သိမ်းယူသောပစ္စည်းများကို ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တပ်စခန်းရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် အစ္စရေးအမျိုးသားလူထုတို့ထံသို့ ယူဆောင်လာကြ၏။
31:13 မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်အပေါင်းတို့သည် သူတို့ကိုကြိုဆိုရန် တပ်စခန်းအပြင်ဘက်သို့ ထွက်လာကြ၏။
31:14 မောရှေသည် စစ်တိုက်ရာမှပြန်လာသော စစ်သည်အရာရှိဖြစ်သူ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို အမျက်ထွက်၍
31:15 မောရှေက သူတို့အား “သင်တို့သည် မိန်းမအားလုံးကို အသက်ချမ်းသာခွင့်ပေးရသလော။
31:16 ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
31:17 ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
31:18 သို့သော် ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းကလေးရှိသမျှတို့ကို သင်တို့အဖို့ အသက်ချမ်းသာခွင့်ပေးလော့။
31:19 သင်တို့မူကား ခုနစ်ရက်ပတ်လုံး တပ်စခန်းအပြင်ဘက်၌ နေရမည်။ လူကိုသတ်ခဲ့သောသူ၊ လူအသေကောင်ကိုထိသောသူ မည်သူမဆို တတိယနေ့၊ သတ္တမနေ့၌ သုံ့ပန်းများနှင့်အတူ မိမိကိုယ်မိမိ သန့်စင်စေရမည်။
31:20 သင်တို့၏အဝတ်နှင့် သားရေအသုံးအဆောင်ရှိသမျှ၊ ဆိတ်မွေးဖြင့်ပြုလုပ်ထားသောအရာနှင့် သစ်သားအသုံးအဆောင် ရှိသမျှတို့ကိုလည်း သန့်စင်စေရမည်”ဟု ဆိုလေ၏။
31:21 ထို့နောက် ယဇ်ပုရောဟိတ်ဧလာဇာသည် စစ်သွားတိုက်သောစစ်သူရဲတို့အား “မောရှေအား ထာဝရဘုရားမိန့်မှာထားသည့် ပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။
31:22 ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သံဖြူ၊ ခဲ စသည့်
31:23 မီးဒဏ်ခံနိုင်သောအရာရှိသမျှကို မီးဖြင့် စစ်ခြင်းဖြင့် စင်ကြယ်စေရမည်။ စင်ကြယ်စေခြင်းရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးဒဏ်မခံနိုင်သောအရာရှိသမျှကိုကား ရေနှင့်ဆေးကြောရမည်။
31:24 သတ္တမနေ့၌ သင်တို့အဝတ်ကို လျှော်၍ သင်တို့စင်ကြယ်ပြီးမှ တပ်စခန်းတွင်းသို့ ဝင်ခွင့်ရှိ၏”ဟု ဆို၏။
31:25 တစ်ဖန် ထာဝရဘုရားက မောရှေအား
31:26 “သင်နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၊ လူထုတို့၏ဘိုးဘေးအကြီးအမှူးတို့သည် တိုက်ရာပါ သုံ့ပန်းနှင့် တိရစ္ဆာန်တို့ကို စာရင်းကောက်ယူ၍
31:27 ထိုသိမ်းယူသောပစ္စည်းတို့ကို စစ်ထွက်တိုက်သောစစ်သည်နှင့် လူထုအပေါင်းတို့အား တစ်ဝက်စီခွဲပေးလော့။
31:28 စစ်ထွက်တိုက်သောစစ်သည်တို့ထံမှ လူ၊ နွား၊ မြည်း၊ သိုး စသည်တို့ကို အယောက်ငါးရာလျှင် တစ်ယောက်ကျ၊ အကောင်ငါးရာလျှင် တစ်ကောင်ကျ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာအဖြစ် ဖယ်ထားရမည်။
31:29 သင်သည် ထိုပူဇော်သက္ကာကို သူတို့ရရှိသောတစ်ဝက်ထဲမှ ယူ၍ ထာဝရဘုရားအဖို့ အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
31:30 အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူနှင့် နွား၊ မြည်း၊ သိုး စသည့်တိရစ္ဆာန်အားလုံးတို့ကို အယောက်ငါးဆယ်လျှင် တစ်ယောက်ကျ၊ အကောင်ငါးဆယ်လျှင် တစ်ကောင်ကျ ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
31:31 မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာသည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။
31:32 စစ်သည်တို့တိုက်ခိုက်သိမ်းယူခဲ့သောပစ္စည်းထဲမှ လက်ရှိကျန်နေသောတိုက်ယူပစ္စည်းပေါင်းကား သိုး ခြောက်သိန်းခုနစ်သောင်းငါးထောင်၊
31:33 နွား ခုနစ်သောင်းနှစ်ထောင်၊
31:34 မြည်း ခြောက်သောင်းတစ်ထောင်၊
31:35 ယောက်ျားနှင့်မဆက်ဆံဖူးသောမိန်းမအားလုံး သုံးသောင်းနှစ်ထောင် ရှိ၏။
31:36 စစ်ထွက်တိုက်သူတို့ ရရှိသောတစ်ဝက်ဝေစုမှာ သိုး အရေအတွက် သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊
31:37 ထိုသိုးတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခြောက်ရာခုနစ်ဆယ့်ငါးကောင်၊
31:38 နွား သုံးသောင်းခြောက်ထောင်၊ ထိုနွားတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခုနစ်ဆယ့်နှစ်ကောင်၊
31:39 မြည်း သုံးသောင်းငါးရာ၊ ထိုမြည်းတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခြောက်ဆယ့်တစ်ကောင်၊
31:40 လူ တစ်သောင်းခြောက်ထောင်၊ ထိုလူတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ လူသုံးဆယ့်နှစ်ယောက် ဖြစ်၏။
31:41 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်သော ချီမြှောက်ရာပူဇော်သက္ကာတို့ကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးလေ၏။
31:42 စစ်ထွက်တိုက်သောသူတို့သိမ်းယူခဲ့သောပစ္စည်းထဲမှ အစ္စရေးအမျိုးသားတို့အား မောရှေခွဲဝေပေးသော တစ်ဝက်မှာ
31:43 သိုး သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊
31:44 နွား သုံးသောင်းခြောက်ထောင်၊
31:45 မြည်း သုံးသောင်းငါးရာ၊
31:46 လူ တစ်သောင်းခြောက်ထောင် ဖြစ်၏။
31:47 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူ အယောက်ငါးဆယ်လျှင် တစ်ယောက်၊ တိရစ္ဆာန် အကောင်ငါးဆယ်လျှင်တစ်ကောင် ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးလေ၏။
31:48 ထို့နောက် စစ်သည်ထောင်ချီကိုအုပ်ချုပ်ရသောအရာရှိများဖြစ်သည့် ထောင်တပ်မှူး၊ ရာတပ်မှူးတို့သည် မောရှေထံသို့ချဉ်းကပ်လာ၍
31:49 “ကိုယ်တော်၏အစေအပါးတို့သည် ကိုယ့်လက်အောက်ရှိစစ်သည်တို့ကိုရေတွက်ရာတွင် တစ်ယောက်မျှမလျော့ပါ။
31:50 ထာဝရဘုရားရှေ့တော်၌ အကျွန်ုပ်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် အကျွန်ုပ်တို့သည် အသီးသီး မိမိတွေ့ရှိသော ရွှေတန်ဆာလက်ပတ်၊ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး စသည်တို့ကို ပူဇော်သက္ကာအဖြစ် ထာဝရဘုရားထံ ယူဆောင်ခဲ့ပါ၏”ဟု လျှောက်ကြ၏။
31:51 ထိုအခါ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ရွှေတန်ဆာအားလုံးကို သူတို့ထံမှခံယူလေ၏။
31:52 ထာဝရဘုရားထံ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ ပေးလှူပူဇော်သည့် အလှူပစ္စည်းမှာ ရွှေစုစုပေါင်း တစ်သောင်းခြောက်ထောင်ခုနစ်ရာ့ငါးဆယ်ရှယ်ကယ် ရှိ၏။
31:53 စစ်သူရဲတို့သည် ကိုယ်စီကိုယ်င မိမိဥစ္စာကို သိမ်းယူကြ၏။
31:54 မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ထံမှ ရွှေကိုခံယူ၍ ထာဝရဘုရားရှေ့တော်၌ အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်အဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ သွင်းထားကြ၏။