Numbers 30
30:1 မောရှေက အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်အကြီးအမှူးတို့အား “ထာဝရဘုရားမိန့်တော်မူသောအရာကား ဤသို့တည်း။
30:2 ယောက်ျားတစ်ယောက်သည် ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆိုခြင်းဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ သူသည် မိမိစကားကိုမဖျက်ရ။ မိမိနှုတ်ထွက်သမျှအတိုင်း ပြုရမည်။
30:3 မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ
30:4 ထိုကတိသစ္စာပြုခြင်း၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ခြင်းကို သူ၏ဖခင်ကြားသော်လည်း ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
30:5 သူ၏ဖခင် ကြားသောနေ့၌ သူ့ကိုဟန့်တားလျှင်မူကား သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး မတည်ရ။ သူ၏ဖခင် သူ့ကိုဟန့်တားသောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
30:6 ထိုမိန်းမသည် ယောက်ျားရပြီးမှ ကတိသစ္စာပြုလျှင်ဖြစ်စေ၊ စကားကိုအလျင်စလိုပြော၍ မိမိကိုယ်မိမိ ချည်နှောင်လျှင်ဖြစ်စေ
30:7 သူ၏ယောက်ျားကြားသော်လည်း ကြားသောနေ့၌ သူ့အား ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့သည် တည်လိမ့်မည်။
30:8 သူ၏ယောက်ျား ကြားသောနေ့၌ သူ့ကိုဟန့်တား၍ သူပြုထားသောကတိသစ္စာနှင့် အလျင်စလိုပြောသောစကားဖြင့် မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့ကို ပယ်ဖျက်လျှင်မူကား ထာဝရဘုရားသည် ထိုမိန်းမကိုခွင့်လွှတ်တော်မူလိမ့်မည်။
30:9 မုဆိုးမဖြစ်စေ၊ ကွာရှင်းထားသောမိန်းမဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်သောကတိသစ္စာအားလုံးသည် သူ၌ တည်လိမ့်မည်။
30:10 မိမိယောက်ျား၏အိမ်၌နေစဉ် ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆို၍ မိမိကိုယ်မိမိ ကတိစကားဖြင့်ချည်နှောင်လျှင်ဖြစ်စေ
30:11 သူ၏ယောက်ျား ကြားသော်လည်း သူ့အား ဘာမျှမပြော၊ ဘာမျှမဟန့်တားလျှင် သူ၏ကတိသစ္စာအားလုံး၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားအားလုံး တည်လိမ့်မည်။
30:12 သူ၏ယောက်ျား ကြားသောနေ့၌ ဧကန်ပယ်ဖျက်လျှင်မူကား သူ၏ကတိသစ္စာများဖြစ်စေ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားများဖြစ်စေ သူ၏နှုတ်မှထွက်သောစကားအားလုံး မတည်ရ။ သူ၏ယောက်ျား ပယ်ဖျက်ပြီဖြစ်သောကြောင့် ထာဝရဘုရားသည် သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။
30:13 ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ် ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။
30:14 သူ၏ယောက်ျားသည် ကြားသောနေ့မှစ၍ နောက်နေ့များတွင်လည်း သူ့အား ဘာဆိုဘာမျှမပြောဘဲနေလျှင် ထိုယောက်ျားသည် မယားပြုသောကတိသစ္စာအားလုံး၊ ဝန်ခံချက်အားလုံးကို တည်စေရာရောက်၏။
30:15 ထိုယောက်ျားသည် ကြားသောနေ့လွန်ပြီးမှ ဧကန်ပယ်ဖျက်လျှင် မယား၏ဒုစရိုက်ကို တာဝန်ယူရမည်”ဟု ဆိုလေ၏။
30:16 ဤသည်ကား လင်နှင့်မယားအကြား၊ ဖခင်နှင့်ငယ်ရွယ်စဉ်ဖခင်အိမ်၌နေသောသမီးအကြား မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသော ပြဋ္ဌာန်းချက်များဖြစ်၏။