Matthew 10
10:1 ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ ညစ်ညူးသောနတ်တို့ကိုနိုင်ရသောအခွင့်အာဏာကို သူတို့အားပေးတော်မူ၏။ ဤသည်ကား ထိုနတ်တို့ကိုနှင်ထုတ်စေရန်နှင့် ရောဂါအမျိုးမျိုးမှစ၍ အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေရန်အတွက်ဖြစ်၏။
10:2 တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအနြေ္ဒ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊
10:3 ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ ၊
10:4 မျိုးချစ်ပုဂ္ဂိုလ် ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
10:5 ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား “လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။
10:6 အစ္စရေးအမျိုး၏ပျောက်ဆုံးသော သိုးများထံသို့သာ သွားကြလော့။
10:7 သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
10:8 နာမကျန်းဖြစ်သူတို့ကို ကျန်းမာစေကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အခမဲ့ရရှိကြသည့်အလျောက် အခမဲ့ပေးကြလော့။
10:9 သင်တို့၏ခါးပန်းတွင် ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးတို့ကို မထည့်သွားကြနှင့်။
10:10 လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
10:11 မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာ၌ မည်သူသည် ထိုက်တန်သောသူဖြစ်သည်ကို ရှာဖွေစုံစမ်းပြီး ပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုသူ၏အိမ်၌ တည်းခိုကြလော့။
10:12 ထိုအိမ်သို့ဝင်သောအခါ နှုတ်ဆက်ကြလော့။
10:13 ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်သက်ခြင်းသည် ၎င်းအပေါ်သို့သက်ရောက်ပါစေ။ မထိုက်တန်လျှင်မူကား သင်တို့၏ငြိမ်သက်ခြင်းသည် သင်တို့ထံပြန်လာပါစေ။
10:14 မည်သူမျှ သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်း နားမထောင်လျှင် ထိုအိမ်၊ သို့မဟုတ် ထိုမြို့ပြင်သို့ထွက်သွားကြစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့။
10:15 သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
10:16 နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
10:17 လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်း များ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
10:18 သင်တို့သည် ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့သို့ ငါ့အတွက်ကြောင့် ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့်လူမျိုးခြားတို့ထံ သက်သေဖြစ်ကြလိမ့်မည်။
10:19 သူတို့သည် သင်တို့ကိုအပ်နှံကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။ အကြောင်းမူကား သင်တို့ပြောဆိုရမည့်အရာကို ထိုအချိန်နာရီ၌ပင် သင်တို့ရကြလိမ့်မည်။
10:20 အဘယ်ကြောင့်ဆိုသော် ပြောဆိုသောသူမှာ သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့်ပြောဆိုတော်မူသော သင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။
10:21 ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
10:22 လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
10:23 မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
10:24 တပည့်သည် ဆရာထက် မြတ်သည်မဟုတ်။ ကျွန်သည်လည်း သခင်ထက် မြတ်သည်မဟုတ်။
10:25 တပည့်သည် သူ့ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည် သူ့သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် သူ၏အိမ်သူအိမ်သားများကို မည်မျှ ပို၍ဆိုးရွားစွာခေါ်ကြလိမ့်မည်နည်း။
10:26 ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။
10:27 သင်တို့အား မှောင်မိုက်၌ ငါပြောသောအရာတို့ကို အလင်း၌ပြောကြားကြလော့။ နားအပါးကပ်ပြော၍ကြားရသောအရာတို့ကို လေသာဆောင်အပေါ်မှ ဟောပြောကြလော့။
10:28 ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
10:29 စာကလေးနှစ်ကောင်ကို အဿရိ တစ်ပြားနှင့် ရောင်းသည်မဟုတ်လော။ သို့ရာတွင် သင်တို့အဖ၏အခွင့်မရှိလျှင် ထိုစာကလေးတစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။
10:30 သင်တို့ဦးခေါင်းမှ ဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။
10:31 ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက် အဖိုးထိုက်ကြ၏။
10:32 သို့ဖြစ်၍ မည်သူမဆို လူတို့ရှေ့၌ငါ့ကိုဝန်ခံလျှင် ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ထိုသူကိုဝန်ခံမည်။
10:33 သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူကို ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ငြင်းပယ်မည်။
10:34 မြေကြီးပေါ်သို့ ငြိမ်သက်ခြင်းကိုယူဆောင်လာရန် ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကိုယူဆောင်လာရန်မဟုတ်ဘဲ ဓားကိုယူဆောင်လာရန် ငါလာ၏။
10:35 အကြောင်းမူကား သားကို သူ၏အဖနှင့်လည်းကောင်း၊ သမီးကို သူ၏အမိနှင့်လည်းကောင်း၊ ချွေးမကို သူ၏ယောက္ခမနှင့်လည်းကောင်း စိတ်ဝမ်းကွဲပြားစေရန် ငါလာ၏။
10:36 လူတစ်ဦး၏ရန်သူတို့မှာလည်း သူ၏အိမ်သူအိမ်သားများဖြစ်ကြလိမ့်မည်။
10:37 ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
10:38 မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်သောသူသည်လည်း ငါနှင့်မထိုက်တန်။
10:39 မိမိအသက်ကိုတွေ့ရှိသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် မိမိအသက်ကို အဆုံးရှုံးခံသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
10:40 သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။
10:41 ပရောဖက်ဟူသောအမည်နာမကိုထောက်၍ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်နှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။ ဖြောင့်မတ်သောသူဟူသောအမည်နာမကိုထောက်၍ ဖြောင့်မတ်သောသူကို လက်ခံသောသူသည်လည်း ဖြောင့်မတ်သောသူနှင့်ဆိုင်သောအကျိုးကျေးဇူးကို ရရှိလိမ့်မည်။
10:42 သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်” ဟု မိန့်တော်မူ၏။