Matthew 11
11:1 ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို မိန့်မှာတော်မူပြီးသောအခါ သူတို့၏မြို့ များတွင် သွန်သင်ရန်နှင့်ဟောပြောရန် ထိုအရပ်မှ ထွက်ခွာတော်မူ၏။
11:2 ယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုများကို ထောင်ခန်းထဲ၌ကြားရသောအခါ မိမိတပည့်တို့ကို စေလွှတ်၍
11:3 “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော။ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။
11:4 ယေရှုကလည်း ထိုသူတို့အား “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ပြောပြကြလော့။
11:5 မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
11:6 ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
11:7 ထိုသူတို့ပြန်သွားကြသောအခါ ယေရှုသည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ “သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်ကိုလော။
11:8 သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူတို့သည် ဘုရင့်နန်းတော်များ ၌ရှိကြ၏။
11:9 ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။
11:10 ‘ကြည့်ရှုလော့။ သင့်ရှေ့၌သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင်ဦးစွာငါစေလွှတ်မည်’ ဟု ကျမ်းစာ၌ရေးထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။
11:11 သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။
11:12 ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။
11:13 အကြောင်းမူကား ပရောဖက်ကျမ်းများနှင့်ပညတ်တရားကျမ်းရှိသမျှတို့သည် ယောဟန်လက်ထက်တိုင်အောင် ပရောဖက်ပြုဟောပြောခဲ့ကြ၏။
11:14 သင်တို့သည် လက်ခံရန် ဆန္ဒရှိလျှင် ဤသူသည် ပေါ်ထွန်းလာရမည့် ဧလိယဖြစ်၏။
11:15 နား ရှိသောသူသည် ကြားပါစေ။
11:16 သို့သော် ဤခေတ်ကာလကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ ၎င်းတို့သည် ဈေးအရပ်၌ထိုင်လျက် မိမိသူငယ်ချင်းတို့အား
11:17 ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။
11:18 အကြောင်းမူကား ယောဟန်သည်ရောက်လာ၍ မစားမသောက်ဘဲနေသော် ‘သူ၌နတ်ဆိုးပူးနေသည်’ဟု ဆိုကြ၏။
11:19 လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ သူသည် အစားကြူးသောသူ၊ သေသောက်ကြူးသောသူဖြစ်ပြီး အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်းဖြစ်ပါသည်တကား’ဟု ဆိုကြပြန်၏။ သို့သော် ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများ က ဖော်ပြ၏” ဟု မိန့်တော်မူ၏။
11:20 ထို့နောက် တန်ခိုးလက္ခဏာအများစုပြုတော်မူရာမြို့များသည် နောင်တမရသောကြောင့် ကိုယ်တော်သည် ထိုမြို့တို့ကိုပြစ်တင်ပြောဆိုလျက်
11:21 “ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
11:22 သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
11:23 ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။ အကြောင်းမူကား သင်၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို သောဒုံမြို့၌ ပြုခဲ့လျှင် ထိုမြို့သည် ယနေ့တိုင်အောင် တည်ရှိခဲ့ပေလိမ့်မည်။
11:24 သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံမြို့သည် သင့်ထက် ခံသာလိမ့်မည်” ဟု မိန့်တော်မူ၏။
11:25 ထိုအချိန်တွင် ယေရှုက “ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့်ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုကွယ်ဝှက်ထားလျက် ကလေးသူငယ်များကို ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။
11:26 မှန်ပါ၏ အဖ။ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
11:27 ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
11:28 ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်။
11:29 ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
11:30 အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းရလွယ်၏။ ငါ့ဝန်လည်း ပေါ့၏” ဟု မိန့်တော်မူ၏။