Matthew 16
16:1 ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
16:2 ကိုယ်တော်ကလည်း “[သင်တို့သည် ညနေချမ်းအချိန်ရောက်သောအခါ ‘မိုးကောင်းကင်နီရဲသည်ဖြစ်၍ ရာသီဥတုသာယာလိမ့်မည်’ဟု ဆိုတတ်ကြ၏။
16:3 နံနက်စောစောအချိန်တွင်လည်း ‘မိုးကောင်းကင်အုံ့မှိုင်းလျက်နီရဲသည်ဖြစ်၍ ယနေ့မုန်တိုင်းလာလိမ့်မည်’ဟု ဆိုတတ်ကြ၏။ သင်တို့သည် မိုးကောင်းကင်၏အသွင်အပြင်ကို ပိုင်းခြား၍သိကြသော်လည်း အချိန်ကာလများ၏နိမိတ်လက္ခဏာများကိုမူ ပိုင်းခြား၍မသိနိုင်ကြ။]
16:4 ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန ၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်” ဟု ပြန်၍မိန့်တော်မူပြီးလျှင် သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
16:5 တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့လာကြသောအခါ မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြ၏။
16:6 ထိုအခါ ယေရှုက “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကို အထူးသတိထားကြလော့” ဟု မိန့်တော်မူ၏။
16:7 တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
16:8 ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင် “ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
16:9 သင်တို့နားမလည်ကြသေးသလော။ မုန့်ငါးလုံးကို လူငါးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း၊
16:10 မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း မမှတ်မိကြသလော။
16:11 မုန့်နှင့်ပတ်သက်၍ သင်တို့အား ငါပြောသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုမူကား သတိထားကြလော့” ဟု မိန့်တော်မူ၏။
16:12 ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
16:13 ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပိနယ်မြေဒေသများသို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား “လူတို့သည် လူ့သားကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူ၏။
16:14 တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ၊ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
16:15 ယေရှုက “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင်
16:16 ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
16:17 ထိုအခါ ယေရှုက “ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။
16:18 သင့်အား ငါဆိုသည်ကား သင်သည် ပေတရု ဖြစ်၏။ ဤကျောက် ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
16:19 ကောင်းကင်နိုင်ငံတော်၏သော့များကို သင့်အား ငါပေးမည်။ မြေကြီးပေါ်၌ သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
16:20 ထို့နောက် ကိုယ်တော်က မိမိသည်ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှမပြောရန် တပည့်တော်တို့အား မိန့်မှာတော်မူ၏။
16:21 ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
16:22 ထိုအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုကာ “သခင်ဘုရား၊ ဤအမှုသည် ကိုယ်တော်နှင့်လွဲပါစေ၊ ဖယ်ပါစေ။ ကိုယ်တော်၌ မည်သည့်အခါမျှ ဤသို့ဖြစ်မည်မဟုတ်”ဟု လျှောက်လေ၏။
16:23 သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏” ဟု မိန့်တော်မူ၏။
16:24 ထို့နောက် ယေရှုက တပည့်တော်တို့အား “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
16:25 အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
16:26 လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
16:27 အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
16:28 သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် လူ့သားသည် မိမိ၏နိုင်ငံတော်နှင့်ကြွလာသည်ကိုမမြင်မီ သေခြင်းကို မမြည်းစမ်းရသောသူအချို့ရှိ၏” ဟု မိန့်တော်မူ၏။