Matthew 18
18:1 ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း”ဟု မေးလျှောက်ကြ၏။
18:2 ထိုအခါ ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ သူတို့အလယ်၌ ရပ်စေပြီးလျှင်
18:3 “သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ပြောင်းလဲ၍ ကလေးသူငယ်များကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
18:4 ထို့ကြောင့် ဤသူငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးဖြစ်၏။
18:5 ဤသို့သောသူငယ်တစ်ယောက်ကို ငါ၏နာမ၌ လက်ခံသောသူသည်လည်း ငါ့ကိုလက်ခံ၏။
18:6 သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက် ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်၏ရေနက်ရာတွင် နှစ်မြှုပ်ခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
18:7 ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။
18:8 သင်၏လက်၊ သို့မဟုတ် သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုဖြတ်၍ လွှင့်ပစ်လော့။ လက်နှစ်ဖက်၊ သို့မဟုတ် ခြေနှစ်ဖက်ပါလျက် ထာဝရမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။
18:9 ထို့ပြင် သင်၏မျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍ လွှင့်ပစ်လော့။ မျက်စိနှစ်လုံးပါလျက် ငရဲမီးထဲသို့ ပစ်ချခြင်းခံရသည်ထက် မျက်စိတစ်လုံးနှင့် အသက်ရှင်ခြင်းသို့ဝင်စားရသည်က သင့်အတွက် သာ၍ကောင်း၏။
18:10 ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
18:11 [အမှန်စင်စစ် လူ့သားသည် ပျောက်ဆုံးသောသူတို့ကို ကယ်တင်ရန် ကြွလာ၏။]
18:12 သင်တို့မည်သို့ထင်ကြသနည်း။ တစ်စုံတစ်ယောက်သောသူ၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် လမ်းလွဲပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်၌ထားခဲ့၍ လမ်းလွဲပျောက်ဆုံးနေသောသိုးကို သွား၍ရှာမည်မဟုတ်လော။
18:13 သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုသိုးကိုတွေ့လျှင် လမ်းလွဲပျောက်ဆုံးခြင်းမရှိသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်လိမ့်မည်။
18:14 ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည် ဤငယ်သောသူများထဲမှ တစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
18:15 သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။
18:16 နားမထောင်လျှင်မူကား သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက် အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန် အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
18:17 သူသည် ထိုသူတို့၏စကားကိုဂရုမစိုက်လျှင် အသင်းတော်အား ပြောကြားလော့။ အသင်းတော်၏စကားကိုလည်း ဂရုမစိုက်လျှင် သာသနာပလူမျိုးခြားနှင့်အခွန်ကောက်ခံသူကဲ့သို့ သူ့ကိုမှတ်ယူလော့။
18:18 သင်တို့အား ငါအမှန်ဆိုမည်။ မြေကြီးပေါ်၌ သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်တို့ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်။
18:19 တစ်ဖန် သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် လူနှစ်ဦးသည် မိမိတို့တောင်းလျှောက်သည့်အရာအားလုံးအတွက် မြေကြီးပေါ်၌ စိတ်သဘောတူကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် သူတို့အတွက် ၎င်းကို ပြည့်စုံစေတော်မူလိမ့်မည်။
18:20 အကြောင်းမူကား လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏” ဟု မိန့်တော်မူ၏။
18:21 ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။
18:22 ယေရှုကလည်း “ခုနစ်ကြိမ်တိုင်အောင်ဟု ငါမဆိုဘဲ ခုနစ်ကြိမ်ကို ခုနစ်ဆယ်လီတိုင်အောင်ဟု ငါဆို၏။
18:23 ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိအစေအပါးတို့နှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ပါးနှင့်တူ၏။
18:24 သူသည် စာရင်းစတင်ရှင်းသောအခါ တာလန် တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။
18:25 သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
18:26 ထိုအခါ ထိုအစေအပါးသည် ပျပ်ဝပ်လျက် သခင်ကိုရှိခိုးကာ ‘အကျွန်ုပ်ကို သည်းခံတော်မူပါ။ အကြွေးရှိသမျှကို ပြန်ဆပ်ပါမည်’ဟု တောင်းလျှောက်လေ၏။
18:27 ထိုအစေအပါး၏သခင်သည် ကြင်နာစိတ်ရှိ၍ သူ့ကိုလွှတ်ပေးကာ သူ၏အကြွေးကို လျှော်ပစ်လေ၏။
18:28 သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိ တစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသော အကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။
18:29 ထိုအခါ ထိုအစေအပါးချင်းသည် ပျပ်ဝပ်လျက် ‘အကျွန်ုပ်ကိုသည်းခံပါ။ သင့်အား အကြွေးပြန်ဆပ်ပါမည်’ဟု တောင်းပန်လေ၏။
18:30 သို့သော် သူသည် လက်မခံဘဲ သွား၍ ထိုအစေအပါးချင်းအား သူယူထားသောအကြွေးကို ပြန်ဆပ်သည့်တိုင်အောင် ထောင်ထဲ၌ ထည့်ထားလေ၏။
18:31 အခြားသောအစေအပါးချင်းများသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် အလွန်စိတ်မကောင်းဖြစ်ကာ သူတို့၏သခင်ထံသို့သွား၍ ဖြစ်လေသမျှတို့ကို လျှောက်ထားကြ၏။
18:32 ထိုအခါ သခင်သည် ထိုအစေအပါးကိုခေါ်၍ ‘ဆိုးညစ်သောအစေအပါး၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် အကြွေးရှိသမျှကို သင့်အတွက် ငါလျှော်ပစ်ခဲ့၏။
18:33 ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း အစေအပါးချင်းကို သနားသင့်သည်မဟုတ်လော’ဟု ဆို၏။
18:34 ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။
18:35 သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။