Mark 1
1:1 ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏ကောင်းမြတ်သောသတင်းအစမှာ ဤသို့ဖြစ်၏။
1:2 “ကြည့်ရှုလော့။ သင်၏လမ်းကိုပြင်ဆင်မည့် ငါ၏စေတမန်ကို သင့်ထက်အလျင် ဦးစွာငါစေလွှတ်မည်။”
1:3 “တောကန္တာရ၌ ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့” ဟု ပရောဖက်ဟေရှာယ၏ကျမ်းတွင် ရေးထားသည်နှင့်အညီ
1:4 ယောဟန်သည်ပေါ်ထွန်းလာ၍ တောကန္တာရ၌ ဗတ္တိဇံ ပေးကာ အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကို ဟောပြောလေ၏။
1:5 ထိုအခါ ယုဒနယ်တစ်နယ်လုံးမှလူများနှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောဟန်ထံသို့သွား၍ မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်တွင် သူ့ထံ၌ဗတ္တိဇံခံကြ၏။
1:6 ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းကာ ကျိုင်းကောင်နှင့်တောပျားရည်တို့ကိုစားလျက်နေ၏။
1:7 ယောဟန်က “ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ငုံ့၍ဖြေပေးရန်ပင် ငါသည်မထိုက်တန်။
1:8 ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံပေးသော်လည်း ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်”ဟု ဟောပြောလေ၏။
1:9 ထိုနေ့ရက်ကာလ၌ ယေရှုသည် ဂါလိလဲနယ်၊ နာဇရက်မြို့မှကြွလာ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ ဗတ္တိဇံခံတော်မူ၏။
1:10 ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။
1:11 ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
1:12 ထို့နောက် ဝိညာဉ်တော်သည် ကိုယ်တော်ကို တောကန္တာရသို့ ချက်ချင်းထုတ်ဆောင်တော်မူ၏။
1:13 ထိုအခါ ကိုယ်တော်သည် တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် စာတန်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ သားရဲတိရစ္ဆာန်များနှင့်အတူရှိတော်မူ၍ ကောင်းကင်တမန်များသည် ကိုယ်တော်ကိုပြုစုကြ၏။
1:14 ယောဟန်အကျဉ်းချခံရပြီးနောက် ယေရှုသည် ဂါလိလဲနယ်သို့ကြွတော်မူ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်း ကို ဟောပြောလျက်
1:15 “အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော်လည်း ပေါ်ထွန်းလုနီးပြီ။ နောင်တရ၍ ကောင်းမြတ်သောသတင်းကို ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။
1:16 ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအနြေ္ဒတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
1:17 ယေရှုက “ငါ့နောက်သို့လိုက်ကြလော့။ သင်တို့အား လူကိုဖမ်းသောတံငါသည်ဖြစ်စေမည်” ဟု သူတို့အား မိန့်တော်မူလျှင်
1:18 သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
1:19 တစ်ဖန် အနည်းငယ်ဆက်၍ကြွတော်မူရာ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ၏ညီယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် လှေထဲ၌ ပိုက်ကွန်များကိုဖာထေးနေကြ၏။
1:20 ကိုယ်တော်သည် သူတို့ကိုချက်ချင်းခေါ်တော်မူလျှင် သူတို့သည် မိမိတို့ဖခင်ဇေဗေဒဲကို လူငှားတို့နှင့်အတူ လှေထဲ၌ထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
1:21 ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ဝင်ကြ၏။ ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်း သို့ဝင်၍ သွန်သင်တော်မူ၏။
1:22 ထိုအခါ လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့သြချီးမွမ်းကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းပြုဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ သူတို့ကိုသွန်သင်တော်မူ၏။
1:23 ထိုအချိန်၌ပင် သူတို့၏ဝတ်ပြုစည်းဝေးကျောင်း တွင် ညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။
1:24 ထိုသူက “နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါ၏”ဟု အော်ဟစ်ပြောဆိုလေ၏။
1:25 ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက် “တိတ်ဆိတ်၍ သူ့အထဲမှထွက်သွားလော့” ဟု မိန့်တော်မူ၏။
1:26 ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့အထဲမှထွက်သွားလေ၏။
1:27 လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤအရာကား မည်သို့နည်း။ အခွင့်အာဏာပါသည့် သွန်သင်ချက်အသစ်ပါတကား။ ညစ်ညူးသောနတ်များကိုပင် အမိန့်ပေးလေရာ ၎င်းတို့သည် ကိုယ်တော်ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းဆွေးနွေးပြောဆိုကြ၏။
1:28 ဤသို့ဖြင့် ကိုယ်တော်၏သတင်းသည် ဂါလိလဲနယ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားလေ၏။
1:29 ထို့နောက် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်း မှထွက်ခွာ၍ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့်အနြေ္ဒတို့အိမ်သို့ ချက်ချင်းသွားကြ၏။
1:30 ရှိမုန်၏ယောက္ခမသည် ဖျားနာလျက် လဲလျောင်းနေသဖြင့် လူတို့သည် သူ့အကြောင်းကို ကိုယ်တော်အား မဆိုင်းမတွလျှောက်ထားကြ၏။
1:31 ကိုယ်တော်သည်ချဉ်းကပ်၍ ထိုအမျိုးသမီး၏လက်ကိုကိုင်လျက် ထူမတော်မူရာ သူသည်အဖျားပျောက်သဖြင့် သူတို့ကိုဧည့်ဝတ်ပြုလေ၏။
1:32 ညနေချမ်းအချိန်ရောက်ပြီး နေဝင်သောအခါ လူတို့သည် နာမကျန်းဖြစ်သူများနှင့် နတ်ဆိုးပူးသူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ
1:33 တစ်မြို့လုံးသည် အိမ်တံခါးဝတွင် စုဝေးလာကြ၏။
1:34 ထိုအခါ ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူများစွာတို့ကို ကိုယ်တော်သည်ကျန်းမာစေတော်မူပြီး နတ်ဆိုးများစွာတို့ကို နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ကိုယ်တော်သည် သူတို့အားစကားပြောခွင့်ပေးတော်မမူ။
1:35 နံနက်စောစောမိုးမလင်းမီ ကိုယ်တော်သည်ထ၍ လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားပြီးလျှင် ထိုအရပ်၌ ဆုတောင်းတော်မူ၏။
1:36 ထိုအခါ ရှိမုန်နှင့်သူ၏အပေါင်းအဖော်တို့သည် ကိုယ်တော်ကိုလိုက်ရှာ၍
1:37 ကိုယ်တော်ကိုတွေ့လျှင် “လူအားလုံးသည် ကိုယ်တော်ကို လိုက်ရှာနေကြပါသည်”ဟု လျှောက်ကြ၏။
1:38 ကိုယ်တော်ကလည်း “အနီးအနားရှိ အခြားသောမြို့ရွာများတွင်လည်း ငါဟောပြောနိုင်ရန် ထိုမြို့ရွာများသို့ ငါတို့သွားကြစို့။ အကြောင်းမူကား ငါသည် ဤအတွက်လာ၏” ဟု မိန့်တော်မူ၏။
1:39 ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝန်းလုံးသို့ကြွတော်မူ၍ ဝတ်ပြုစည်းဝေးကျောင်း များ၌ ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
1:40 အနာကြီးရောဂါသည်တစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက် “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လျှောက်ထားလေ၏။
1:41 ကိုယ်တော် သည် ကြင်နာစိတ်ရှိတော်မူသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့ထိကာ “ငါအလိုရှိ၏။ စင်ကြယ်ခြင်းသို့ရောက်စေ” ဟု မိန့်တော်မူ၏။
1:42 ထိုခဏချင်းတွင် သူ၏အနာကြီးရောဂါသည် ပျောက်ကင်းသွား၍ သူသည် စင်ကြယ်ခြင်းသို့ရောက်လေ၏။
1:43 ကိုယ်တော်ကလည်း “မည်သူ့ကိုမဆို မည်သည့်အရာမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌ သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း သင်၏စင်ကြယ်ခြင်းဝတ်အတွက် ပူဇော်သက္ကာကို ဆက်သလော့” ဟု တင်းကျပ်စွာမှာကြားလျက် သူ့ကိုချက်ချင်းပြန်သွားစေတော်မူ၏။
1:45 သို့သော် ထိုသူသည် ထွက်သွား၍ ထိုသတင်းကို အားပါးတရပြောကြားပြီး ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာမဝင်နိုင်တော့ဘဲ မြို့ပြင်လူသူကင်းဝေးရာအရပ်၌ နေတော်မူ၏။ ထိုအခါ အရပ်ရပ်မှလူတို့သည် ကိုယ်တော်ထံသို့ရောက်လာကြ၏။