Library · my

Mark 2

2:1 ရက်​အနည်းငယ်​ကြာ​ပြီးနောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​ထဲသို့ တစ်ဖန်​ဝင်​တော်မူ​၏။ အိမ်​၌ ကိုယ်တော်​ရှိ​တော်မူ​သည်​ကို​ကြား​၍ 2:2 များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​သဖြင့် အိမ်​တံခါး​ရှေ့၌​ပင် နေရာ​မ​ရှိ​တော့ချေ။ ကိုယ်တော်​သည် သူ​တို့​အား နှုတ်ကပတ်​တရား​ကို​ဟောပြော​လျက်​နေ​တော်မူ​၏။ 2:3 ထိုအခါ လူ​တို့​သည် လေဖြတ်​သော​သူ​တစ်​ဦး​ကို လူ​လေး​ယောက်​အား​ထမ်း​စေ​၍ အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ 2:4 လူ​အစုအဝေး​တို့​ကြောင့် သူ့​ကို ကိုယ်တော်​ထံ​ခေါ်ဆောင်​သွား​၍​မ​ရ​နိုင် ​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရှိ​သည့်​နေရာ​အထက်​မှ ခေါင်မိုး​ကို​ခွာ​၍ အပေါက်​ဖောက်​ကာ လေဖြတ်​သော​သူ​လဲလျောင်း​နေ​သည့်​အိပ်ရာ​ကို လျှောချ​ကြ​၏။ 2:5 ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား “ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ” ​ဟု မိန့်​တော်မူ​၏။ 2:6 သို့သော် ထို​နေရာ​၌​ထိုင်​နေ​ကြ​သော ကျမ်းပြု​ဆရာ​အချို့​တို့​က 2:7 “ဤ​သူ​သည် အဘယ်ကြောင့် ထိုကဲ့သို့​ပြော​ရ​သနည်း။ သူ​သည် ဘုရားသခင်​ကို​စော်ကား​ပြောဆို​၏။ ဘုရားသခင်​မှတစ်ပါး မည်သူ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​နိုင်​သနည်း”​ဟု မိမိ​တို့​စိတ်​ထဲ၌ တွေးတော​ဆင်ခြင်​ကြ​၏။ 2:8 သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍ “အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။ 2:9 လေဖြတ်​သော​သူ​အား ‘သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​လျက် လမ်းလျှောက်​လော့’​ဟု ဆို​ရန် မည်သည့်​အရာ​က ပို၍​လွယ်ကူ​သနည်း။ 2:10 သို့သော် လူ့သား​သည် မြေကြီး​ပေါ်၌ အပြစ်​များ​ခွင့်လွှတ်​ပိုင်ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေရန်” ​ဟု သူတို့​အား မိန့်​တော်မူ​ပြီးလျှင် လေဖြတ်​သော​သူ​အား 2:11 “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်ရာ​ကို​ဆောင်ယူ​၍ အိမ်​သို့​ပြန်​လော့” ​ဟု မိန့်​တော်မူ​၏။ 2:12 ထိုအခါ လေဖြတ်​သော​သူ​သည်​ထ​၍ အိပ်ရာ​ကို​ချက်ချင်း​ဆောင်ယူ​လျက် လူ​အပေါင်း​တို့​ရှေ့မှ​ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့သြ​ငေးမော​၍ “ငါ​တို့​သည် ဤကဲ့သို့သော​အဖြစ်​မျိုး​ကို တစ်ခါမျှ​မ​မြင်​စဖူး”​ဟု ပြောဆို​လျက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ 2:13 ကိုယ်တော်​သည် နောက်တစ်ဖန် ပင်လယ်​ကမ်းနား​သို့​ကြွ​တော်မူ​ရာ လူထု​ပရိသတ်​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် သူ​တို့​ကို​သွန်သင်​တော်မူ​၏။ 2:14 တစ်ဖန် လမ်း​၌​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် အာလဖဲ​၏​သား လေဝိ​ကို​မြင်​၍ “ငါ့​နောက်​သို့​လိုက်​လော့” ​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ 2:15 ကိုယ်တော်​သည် လေဝိ​၏​အိမ်​ထဲ၌​ထိုင် ​၍​စားသောက်​နေ​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​နှင့် အပြစ်သား​တို့​သည် တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင် ​ကြ​၏။ အကြောင်းမူကား နောက်​တော်​သို့​လိုက်​ကြ​သည့် ထိုသို့သော​သူ​များစွာ​ရှိ​ကြ​၏။ 2:16 ကိုယ်တော်​သည် အပြစ်သား​များ၊ အခွန်​ကောက်ခံ​သူ​များ​နှင့်အတူ စားသောက်​လျက်​နေ​သည်​ကို ဖာရိရှဲ​တို့​ထဲမှ ကျမ်းပြု​ဆရာ​များ ​မြင်​လျှင် “သူ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု တပည့်​တော်​တို့​အား မေးမြန်း​ကြ​၏။ 2:17 ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် “ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို​မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။ ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန် ငါ​လာ​၏” ​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ 2:18 ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​သည် အစာရှောင်​လျက်​နေ​ကြ​၏။ လူ​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “ယောဟန်​၏​တပည့်​များ​နှင့် ဖာရိရှဲ​တို့​၏​တပည့်​များ​သည် အစာရှောင်​နေ​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ 2:19 ယေရှု​က​လည်း “သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ သည် သတို့သား​နှင့်အတူ​ရှိ​နေ​စဉ် အစာရှောင်​နိုင်​ကြ​မည်​လော။ သူ​တို့​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ အစာ​မ​ရှောင်​နိုင်​ကြ​ပေ။ 2:20 သို့သော် သတို့သား​ကို သူ​တို့​ထံမှ​ခေါ်ဆောင်​သွား​မည့် နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​ရောက်လာ​သည့်​အခါ​၌ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။ 2:21 မည်သူမျှ အဝတ်​အဟောင်း​ကို ပိတ်စ​အသစ်​ဖြင့် ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အသစ်​ဖာ​ထား​သော​ပိတ်စ​သည် အဝတ်​အဟောင်း​ကို​ရုန်း​သဖြင့် စုတ်ပြဲ​သည့်​နေရာ​သည် ပို၍​ဆိုး​လာ​လိမ့်မည်။ 2:22 ထိုနည်းတူ မည်သူမျှ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အဟောင်း​၌​ထည့်​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် စပျစ်​ဝိုင်​သည် သားရေဘူး​ကို​ပေါက်ပြဲ​စေ​သဖြင့် စပျစ်​ဝိုင်​ရော​သားရေဘူး​ပါ ပျက်စီး​သွား​လိမ့်မည် ။ စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ကြ​၏” ​ဟု မိန့်​တော်မူ​၏။ 2:23 တစ်နေ့သော​ဥပုသ်နေ့​၌ ကိုယ်တော်​သည် ဂျုံခင်း​များ​ကို​ဖြတ်​လျက်​ကြွ​တော်မူ​ရာ တပည့်​တော်​တို့​သည် လမ်း​သွား​ရင်း ဂျုံနှံ​များ​ကို​ဆွတ်ခူး​ကြ​၏။ 2:24 ထိုအခါ ဖာရိရှဲ​တို့​က “သူ​တို့​သည် ဥပုသ်နေ့​၌​ပြု​ခွင့်​မ​ရှိ​သော​အရာ​ကို အဘယ်ကြောင့်​ပြု​ကြ​သနည်း”​ဟု ကိုယ်တော်​အား မေး​လျှောက်​ကြ​၏။ 2:25 ကိုယ်တော်​က​လည်း “ဒါဝိဒ်​သည် သူ​၌​စားစရာ​မ​ရှိ​သဖြင့် သူ​မှစ၍​သူ​နှင့်အတူ​ရှိ​သော​သူ​တို့​သည် ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို မ​ဖတ်​ဖူး​ကြ​သလော။ 2:26 သူ​သည် ယဇ်ပုရောဟိတ်​မင်း​အဗျာသာ​လက်ထက်​တွင် ဘုရားသခင်​၏​အိမ်​တော်​သို့​ဝင်​၍ ယဇ်ပုရောဟိတ်​များ​မှတစ်ပါး မည်သူမျှ​စား​ခွင့်​မ​ရှိ​သော ရှေ့​တော်​မုန့်​ကို​စား​ပြီးလျှင် သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ကို​လည်း ပေး​ခဲ့​၏” ​ဟု မိန့်​တော်မူ​၏။ 2:27 တစ်ဖန် သူ​တို့​အား “ဥပုသ်နေ့​သည် လူ​အတွက်​ဖြစ်လာ​၏။ လူ​သည် ဥပုသ်နေ့​အတွက်​ဖြစ်လာ​သည်​မ​ဟုတ်။ 2:28 သို့ဖြစ်၍ လူ့သား​သည် ဥပုသ်နေ့​၏​အရှင်​သခင်​လည်း​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။