Mark 14
14:1 ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။
14:2 သို့သော် သူတို့က “လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
14:3 ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင် ၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။
14:4 ထိုအခါ လူအချို့တို့သည် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤဆီမွှေးကို ဖြုန်းတီးရသနည်း။
14:5 ဤဆီမွှေးကို ဒေနာရိ သုံးရာကျော်နှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကိုအပြစ်တင်ကြ၏။
14:6 သို့သော် ယေရှုက “သူပြုလိုရာပြုပါစေ။ သူ့ကို အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကိုပြုလေပြီ။
14:7 အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
14:8 သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
14:9 သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
14:10 ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှတစ်ပါးဖြစ်သော ယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများလက်သို့ ကိုယ်တော်ကိုအပ်နှံရန် သူတို့ထံသို့သွားလေ၏။
14:11 သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။
14:12 တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
14:13 ကိုယ်တော်ကလည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ “မြို့ထဲသို့သွားကြလော့။ ထိုအခါ ရေအိုးထမ်းသောသူတစ်ဦးကို သင်တို့တွေ့ကြလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြပြီး
14:14 သူဝင်သွားသောအိမ်၏အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကိုစားမည့် ငါ့အခန်းသည် အဘယ်မှာရှိသနည်းဟု မေးလိုက်ပါ၏’ဟူ၍ ပြောကြလော့။
14:15 ထိုအခါ သူသည် အဆင်သင့်ခင်းကျင်းထားသောအပေါ်ထပ်ခန်းမကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
14:16 တပည့်တော်တို့သည်လည်း ထွက်သွား၍ မြို့ထဲသို့ဝင်ကြရာ သူတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။
14:17 ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ကြွလာတော်မူ၏။
14:18 ထို့နောက် သူတို့သည် စားပွဲ၌ထိုင် လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့်အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟု မိန့်တော်မူ၏။
14:19 သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော ”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။
14:20 ကိုယ်တော်ကလည်း “တစ်ဆယ့်နှစ်ပါးသောသူတို့ထဲမှ တစ်ဦးဖြစ်ပြီး ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူဖြစ်၏။
14:21 လူ့သားသည် မိမိနှင့်ပတ်သက်၍ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်” ဟု မိန့်တော်မူ၏။
14:22 ထို့နောက် သူတို့စားလျက်နေကြစဉ် ကိုယ်တော်သည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက် “ယူကြလော့ ။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏” ဟု မိန့်တော်မူ၏။
14:23 ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အား ပေးတော်မူရာ သူတို့အားလုံးသည် ထိုခွက်ကိုသောက်ကြ၏။
14:24 ကိုယ်တော်ကလည်း “ဤသည်ကား လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ် နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
14:25 သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ အသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်တော့မည်မဟုတ်” ဟု မိန့်တော်မူ၏။
14:26 ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
14:27 ထိုအခါ ယေရှုက “ ‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးတို့သည် ကွဲလွင့်သွားကြရလိမ့်မည်’ ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ သင်တို့အားလုံးသည် စိတ်ပျက် ကြလိမ့်မည်။
14:28 သို့သော် ငါသည်ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာသွားနှင့်မည်” ဟု မိန့်တော်မူ၏။
14:29 ထိုအခါ ပေတရုက “အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် စိတ်ပျက်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
14:30 ယေရှုကလည်း “သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု မိန့်တော်မူ၏။
14:31 သို့သော် ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်အတွက်သေရလျှင်ပင် ကိုယ်တော်ကိုလုံးဝမငြင်းပယ်ပါ”ဟု အခိုင်အမာ လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
14:32 ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က “ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
14:33 ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့်
14:34 “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့” ဟု သူတို့အား မိန့်တော်မူ၏။
14:35 ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ
14:36 “အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ” ဟု တောင်းလျှောက်တော်မူ၏။
14:37 ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား “ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။
14:38 ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏” ဟု မိန့်တော်မူ၏။
14:39 တစ်ဖန် ထွက်သွား၍ အထက်ကတောင်းလျှောက်ခဲ့သည့်အတိုင်း ဆုတောင်းပြီးမှ
14:40 နောက်တစ်ဖန် ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကိုတွေ့တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်အား မည်သို့လျှောက်ရမည်ကိုမသိကြ။
14:41 ထို့နောက် ကိုယ်တော်သည် တတိယအကြိမ်ပြန်လာ၍ “ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ တော်လောက်ပေ၏။ အချိန်ရောက်လာပြီ။ ကြည့်ရှုလော့။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
14:42 ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ” ဟု မိန့်တော်မူ၏။
14:43 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်၌ပင် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများကစေလွှတ်လိုက်သော လူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
14:44 ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင်သွားကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။
14:45 ထို့ကြောင့် သူသည် ရောက်လာသည်နှင့် ကိုယ်တော်ထံသို့ ချက်ချင်းချဉ်းကပ်၍ “ရဗ္ဗိ ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
14:46 ထိုအခါ လူတို့သည် ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။
14:47 ထိုစဉ် အနီး၌ရပ်နေသောသူတို့ထဲမှ တစ်ဦးသည် ဓားကိုဆွဲထုတ်လျက် ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
14:48 ယေရှုက ထိုသူတို့အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။
14:49 ငါသည် နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဗိမာန်တော်၌သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤသို့ဖြစ်ခြင်းမှာ ကျမ်းစာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း” ဟု မိန့်တော်မူ၏။
14:50 ထိုအခါ တပည့်တော်အားလုံးသည် ကိုယ်တော်ကိုထားခဲ့၍ ထွက်ပြေးကြ၏။
14:51 လူငယ်တစ်ဦးသည် မိမိကိုယ်ပေါ်တွင် ပိတ်ချောထည်ကိုသာခြုံလျက် ကိုယ်တော်၏နောက်သို့လိုက်သွားရာ လူတို့သည် သူ့ကို ဖမ်းဆီးကြ၏။
14:52 သို့သော် သူသည် ပိတ်ချောထည်ကိုထားခဲ့၍ အဝတ်မပါဘဲထွက်ပြေးသွားလေ၏။
14:53 ထို့နောက် သူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ခေါ်ဆောင်သွားကြရာ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့်ကျမ်းပြုဆရာများအားလုံးသည် စုဝေးလာကြ၏။
14:54 ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။
14:55 ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့်သက်သေကို ရှာကြသော်လည်း မတွေ့ကြ။
14:56 အကြောင်းမူကား လူများစွာတို့သည် ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုကြသော်လည်း သူတို့၏သက်သေခံချက်များသည် ကိုက်ညီမှုမရှိကြပေ။
14:57 ထိုအခါ လူအချို့တို့သည်ထ၍ ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုလျက်
14:58 “ဤသူက ‘ငါသည် လူ့လက်ဖြင့်တည်ဆောက်သော ဤဗိမာန်တော်ကိုဖြိုဖျက်၍ လူ့လက်ဖြင့်မတည်ဆောက်သော အခြားဗိမာန်တော်ကို သုံးရက်အတွင်းတည်ဆောက်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ဆိုကြ၏။
14:59 သို့သော် သူတို့၏သက်သေခံချက်သည်လည်း အလားတူပင်ကိုက်ညီမှုမရှိပေ။
14:60 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် သူတို့ရှေ့၌ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ယေရှုအားမေးလေ၏။
14:61 သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှမဖြေကြားဘဲ တိတ်ဆိတ်စွာနေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသောအရှင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်သလော”ဟု မေးလေ၏။
14:62 ယေရှုကလည်း “ငါဖြစ်၏။ လူ့သားသည် တန်ခိုးတော်၏လက်ယာဘက်၌ထိုင်လျက် ကောင်းကင်မိုးတိမ်များဖြင့်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
14:63 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏အဝတ်ကိုဆုတ်ဖြဲလျက် “နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။
14:64 ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့အားလုံးသည် ကိုယ်တော်ကို သေဒဏ်ခံထိုက်သည်ဟု စီရင်ကြ၏။
14:65 ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။
14:66 ပေတရုသည် ခြံဝင်းအောက်ဘက်၌ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမိန်းမတစ်ဦးသည်လာ၍
14:67 မီးလှုံနေသောပေတရုကိုတွေ့လျှင် သူ့ကိုစူးစိုက်ကြည့်လျက် “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
14:68 သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။
14:69 ထို့နောက် ထိုအစေခံမိန်းမသည် ပေတရုကို နောက်တစ်ဖန်တွေ့သဖြင့် အနီး၌ရပ်နေသောသူတို့အား “ဤသူသည် သူတို့ထဲကတစ်ဦးဖြစ်သည်”ဟု ဆို၏။
14:70 သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏ ”ဟု ထပ်၍ ပေတရုအားဆိုကြ၏။
14:71 ပေတရုကလည်း “သင်တို့ပြောနေသည့်လူကို ငါမသိ”ဟု တိုင်တည်၍ကျိန်ဆိုလေ၏။
14:72 ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည် “ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်” ဟု ယေရှုမိန့်တော်မူခဲ့သောစကားကို သတိရသဖြင့် ချုံးပွဲချငိုကြွေးလေ၏။