Mark 16
16:1 ဥပုသ်နေ့လွန်ပြီးနောက် မာဂဒလမြို့သူမာရိ၊ ယာကုပ်၏မိခင်မာရိနှင့် ဆလိုမေတို့သည် အလောင်းတော်ကို သွား၍လိမ်းရန် အမွှေးနံ့သာကို ဝယ်ယူကြ၏။
16:2 ထို့နောက် ရက်သတ္တပတ်၏ပထမနေ့၊ နံနက်စောစော နေထွက်ချိန်၌ သူတို့သည် သင်္ချိုင်းတော်သို့ရောက်လာကြ၏။
16:3 သူတို့က “ငါတို့အတွက် သင်္ချိုင်းဂူဝမှကျောက်တုံးကို မည်သူလှိမ့်ဖယ်ပေးမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
16:4 သို့သော် သူတို့မျှော်ကြည့်ကြသောအခါ ကျောက်တုံးအား လှိမ့်ဖယ်ထားပြီးဖြစ်သည်ကိုတွေ့ကြ၏။ ထိုကျောက်တုံးကား အလွန်ကြီးမားလှ၏။
16:5 ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ဝင်ကြရာ ဝတ်လုံဖြူဝတ်ဆင်သောလူငယ်တစ်ဦးသည် လက်ယာဘက်၌ထိုင်နေသည်ကိုတွေ့မြင်သဖြင့် ထိတ်လန့်အံ့ဩကြ၏။
16:6 သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
16:7 သင်တို့မူကား သွား၍ တပည့်တော်များနှင့် ပေတရုအား ‘ကိုယ်တော်သည် သင်တို့ကိုမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့”ဟု ဆိုလေ၏။
16:8 ထိုအခါ သူတို့သည်တုန်လှုပ်လျက် မိန်းမောတွေဝေသဖြင့် သင်္ချိုင်းဂူထဲမှထွက်လာပြီးလျှင် ထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမျှ မည်သည့်အရာမျှမပြောကြချေ။
16:9 [ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။
16:10 မာရိသည်လည်း ဝမ်းနည်းကြေကွဲလျက်ငိုကြွေးနေကြသော ကိုယ်တော်နှင့်အတူရှိခဲ့သူများထံသို့သွား၍ ထိုအကြောင်းကိုပြောပြလေ၏။
16:11 သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။
16:12 ထို့နောက် သူတို့ထဲမှနှစ်ဦးသည် တောရွာသို့လမ်းလျှောက်၍ ခရီးသွားကြစဉ် ကိုယ်တော်သည် ခြားနားသောအသွင်သဏ္ဌာန်ဖြင့် ကိုယ်ထင်ရှားပြတော်မူ၏။
16:13 ထိုသူနှစ်ဦးတို့သည် ကျန်သောသူတို့အား သွား၍ပြောပြကြ၏။ သို့သော် ထိုသတင်းကိုလည်း သူတို့မယုံကြချေ။
16:14 ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင် နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။
16:15 ထို့နောက် ကိုယ်တော်က “ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။
16:16 ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။
16:17 ယုံကြည်သောသူတို့နှင့်အတူ ယှဉ်တွဲလျက်ရှိကြမည့်နိမိတ်လက္ခဏာများဟူမူကား သူတို့သည် ငါ၏နာမဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကိုပြောကြလိမ့်မည်။
16:18 သူတို့လက်ဖြင့် မြွေကိုဖမ်းကိုင်ကြလိမ့်မည်။ သေစေတတ်သောအဆိပ်တစ်စုံတစ်ခုကိုသောက်မိသော်လည်း သူတို့ကို လုံးဝအန္တရာယ်ဖြစ်စေမည်မဟုတ်။ မကျန်းမာသောသူတို့အပေါ်လက်တင်သောအခါ ထိုသူတို့သည် ကျန်းမာလာကြလိမ့်မည်” ဟု မိန့်တော်မူ၏။
16:19 သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
16:20 ထိုအခါ တပည့်တော်တို့သည်ထွက်သွား၍ နေရာအနှံ့တရားဟောကြ၏။ သခင်ဘုရားသည်လည်း သူတို့နှင့်အတူလုပ်ဆောင်တော်မူ၍ နိမိတ်လက္ခဏာများကိုပူးတွဲပါဝင်စေခြင်းအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်မြဲစေတော်မူ၏။]