Luke 18
18:1 ထို့နောက် စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာအားဖြင့် လူတို့အား မြွက်ဆိုတော်မူသည်မှာ
18:2 “မြို့တစ်မြို့၌ ဘုရားသခင်ကိုမကြောက်၊ လူကိုလည်းမလေးစားသော တရားသူကြီးတစ်ဦးရှိ၏။
18:3 ထိုမြို့၌ရှိသော မုဆိုးမတစ်ဦးသည် သူ့ထံသို့ အကြိမ်ကြိမ်လာပြီး ‘ကျွန်မဘက်၌နေ၍ ကျွန်မကိုတရားစွဲဆိုသူအား တရားသဖြင့်စီရင်ပေးပါ’ဟု လျှောက်လေ၏။
18:4 သူသည် အတန်ကြာမျှ စီရင်ပေးလိုစိတ်မရှိခဲ့သော်လည်း နောက်ဆုံးတွင် မိမိစိတ်ထဲ၌ ‘ငါသည် ဘုရားသခင်ကိုမကြောက်၊ လူကိုလည်းမလေးစားတတ်။
18:5 သို့သော် ဤမုဆိုးမသည် ငါ့ကိုအနှောင့်အယှက်ပေးလှသည်ဖြစ်၍ သူ့အတွက် တရားသဖြင့်စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဖန်ဖန်လာ၍ နောက်ဆုံး၌ ငါ့ကို ပင်ပန်းနွမ်းနယ်စေလိမ့်မည်’ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
18:6 ထို့နောက် သခင်ဘုရားက “ထိုမတရားသောတရားသူကြီးပြောဆိုသည့်အရာကို ကြားကြသလော။
18:7 ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
18:8 သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် သူတို့အတွက် တရားသဖြင့် လျင်မြန်စွာစီရင်ပေးတော်မူလိမ့်မည်။ သို့သော် လူ့သားကြွလာသောအခါ မြေကြီးပေါ်၌ ယုံကြည်ခြင်းကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
18:9 မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ
18:10 “လူနှစ်ဦးတို့သည် ဆုတောင်းရန် ဗိမာန်တော်သို့တက်သွားကြ၏။ တစ်ဦးသည် ဖာရိရှဲဖြစ်ပြီး အခြားတစ်ဦးသည် အခွန်ကောက်ခံသူဖြစ်၏။
18:11 ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
18:12 အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။
18:13 အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
18:14 သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
18:15 ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။
18:16 သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍ “ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
18:17 သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
18:18 တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
18:19 ယေရှုက “ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။
18:20 ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ လူမသတ်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။ သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။
18:21 ထိုသူကလည်း “အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။
18:22 ယေရှုသည် ထိုစကားကိုကြားလျှင် “သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာအားလုံးတို့ကို ရောင်းပြီးလျှင် ဆင်းရဲသားတို့အား ခွဲဝေပေးလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
18:23 ထိုသူသည် အလွန်ချမ်းသာသောသူဖြစ်သောကြောင့် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းနည်းလေ၏။
18:24 ယေရှုသည် ထိုသူအလွန်ဝမ်းနည်းသည်ကိုမြင်လျှင် “ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။
18:25 ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏” ဟု မိန့်တော်မူ၏။
18:26 ထိုစကားကိုကြားသောသူတို့က “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။
18:27 ကိုယ်တော်ကလည်း “လူတို့အတွက်မဖြစ်နိုင်သောအရာများသည် ဘုရားသခင်အတွက်ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
18:28 ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများကို စွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။
18:29 ကိုယ်တော်ကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ်ကိုကိုဖြစ်စေ၊ မိဘကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ စွန့်သောသူတို့တွင်
18:30 ယခုဘဝ၌ အဆပေါင်းများစွာသောအကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း မရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိ” ဟု မိန့်တော်မူ၏။
18:31 ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့သွားနေကြ၏။ လူ့သားနှင့်ပတ်သက်၍ ပရောဖက်တို့ရေးထားသောအရာအားလုံးတို့သည် ပြည့်စုံရလိမ့်မည်။
18:32 အကြောင်းမူကား သူသည် လူမျိုးခြားတို့ထံ အပ်နှံခြင်းကိုခံရလျက် ပြောင်လှောင်ခြင်း၊ နှိပ်စက်ခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကိုခံရလိမ့်မည်။
18:33 ထို့နောက် သူတို့သည် သူ့ကိုဒဏ်ခတ်ရိုက်နှက်၍ အသေသတ်ကြလိမ့်မည်။ သို့သော် သူသည် သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
18:34 သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်စုံတစ်ခုကိုမျှ သဘောမပေါက်ကြ။ ထိုအရာသည် သူတို့ထံမှ ကွယ်ဝှက်ထားခြင်းခံရသည်ဖြစ်၍ မိန့်တော်မူသောအရာတို့ကို သူတို့နားမလည်နိုင်ကြချေ။
18:35 ကိုယ်တော်သည် ဂျေရိခေါမြို့အနီးသို့ရောက်လာစဉ်တွင် မျက်မမြင်တစ်ဦးသည် လမ်းဘေး၌ထိုင်လျက် တောင်းစားနေ၏။
18:36 သူသည် လူထုပရိသတ်ဖြတ်သွားသည်ကိုကြား၍ မည်သည့်အရာဖြစ်နေသည်ကို မေးမြန်းလေ၏။
18:37 လူတို့ကနာဇရက်မြို့သားယေရှုဖြတ်သွားတော်မူကြောင်း သူ့အား ပြောပြကြလျှင်
18:38 ထိုသူက “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု အော်ဟစ်လေ၏။
18:39 ရှေ့မှသွားသောသူတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
18:40 ထိုအခါ ယေရှုသည် ရပ်တန့်လျက် ထိုသူကို မိမိထံသို့ခေါ်ခဲ့ရန် အမိန့်ပေးတော်မူ၏။ သူသည် အနီးသို့ရောက်လာသောအခါ ကိုယ်တော်က
18:41 “သင့်အတွက် မည်သည့်အမှုကိုပြုစေလိုသနည်း” ဟု မေးတော်မူလျှင် ထိုသူက “မျက်စိမြင်အောင်လုပ်ပေးစေလိုပါသည် သခင်ဘုရား”ဟု လျှောက်လေ၏။
18:42 ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ” ဟု မိန့်တော်မူ၏။
18:43 ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် နောက်တော်သို့လိုက်သွားလေ၏။ တွေ့မြင်သောသူအပေါင်းတို့သည်လည်း ဘုရားသခင်ကိုချီးမွမ်းကြ၏။