John 20
20:1 ရက်သတ္တပတ်၏ပထမနေ့၌ မာဂဒလမြို့သူမာရိသည် မှောင်လျက်ရှိနေသေးသော နံနက်စောစောအချိန်တွင် သင်္ချိုင်းတော်သို့ရောက်လာရာ ကျောက်တုံးအား ဂူဝမှ ဖယ်ရှားထားပြီးဖြစ်သည်ကိုမြင်လေ၏။
20:2 ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ထံသို့ ပြေးသွား၍ “သခင်ဘုရားကို သင်္ချိုင်းဂူထဲမှ သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆိုလေ၏။
20:3 ထိုအခါ ပေတရုနှင့် ထိုအခြားတပည့်တော်သည် ထွက်လာ၍ သင်္ချိုင်းတော်သို့သွားကြ၏။
20:4 သူတို့နှစ်ဦးသည် အတူတူပြေးကြသော်လည်း အခြားတပည့်တော်သည် ပေတရုထက် လျင်မြန်စွာပြေး၍ သင်္ချိုင်းတော်သို့ဦးစွာရောက်သဖြင့်
20:5 ငုံ့ကြည့်လိုက်ရာ ပိတ်ထည်များရှိနေသည်ကိုမြင်ရ၏။ သို့သော် သူသည် အထဲသို့မဝင်ဘဲနေ၏။
20:6 ထိုအခါ နောက်မှလိုက်လာသော ရှိမုန်ပေတရုသည်လည်းရောက်လာ၍ သင်္ချိုင်းဂူထဲသို့ဝင်ပြီးလျှင် ပိတ်ထည်များရှိနေသည်ကိုလည်းကောင်း၊
20:7 ကိုယ်တော်၏ဦးခေါင်းတော်ကိုပတ်စည်းထားသောပဝါသည် ပိတ်ထည်များနှင့်အတူမရှိဘဲ တစ်နေရာတွင်သီးခြားလိပ်ထားသည်ကိုလည်းကောင်း မြင်လေ၏။
20:8 ထို့နောက် သင်္ချိုင်းတော်သို့ဦးစွာရောက်သော အခြားတပည့်တော်သည်လည်းဝင်လာ၍ မြင်သဖြင့် ယုံကြည်လေ၏။
20:9 (သူတို့သည် သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်ရမည်ဟူသောကျမ်းချက်ကို နားမလည်ကြသေး။)
20:10 ထို့နောက် ထိုတပည့်တော်တို့သည် မိမိတို့အိမ်သို့ ပြန်သွားကြ၏။
20:11 မာရိမူကား သင်္ချိုင်းဂူအပြင်၌ ငိုကြွေးလျက်ရပ်နေ၏။ ထိုသို့ငိုကြွေးရင်း ဂူအတွင်းသို့ငုံ့ကြည့်လိုက်ရာ
20:12 ဖြူသောအဝတ်ကိုဝတ်ဆင်သည့် ကောင်းကင်တမန်နှစ်ပါးသည် ယေရှုအလောင်းတော်လဲလျောင်းခဲ့ရာအရပ်၏ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်နေကြသည်ကို မြင်လေ၏။
20:13 ထိုကောင်းကင်တမန်တို့က “အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း”ဟု မေးကြလျှင် မာရိက “ကျွန်မ၏သခင်ဘုရားကို သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆို၏။
20:14 ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လိုက်ရာ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကိုမသိ။
20:15 ယေရှုကလည်း “အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း” ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။
20:16 ယေရှုကလည်း “မာရိ” ဟုခေါ်တော်မူလျှင် မာရိသည်လှည့်၍ ဟေဗြဲဘာသာစကားအားဖြင့် “ရဗ္ဗုနိ”ဟုထူးလေ၏။ (ရဗ္ဗုနိအဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
20:17 ယေရှုကလည်း “ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့” ဟု မိန့်တော်မူ၏။
20:18 မာဂဒလမြို့သူမာရိသည် သွား၍ “သခင်ဘုရားကို ကျွန်မတွေ့မြင်ခဲ့ပြီ”ဟု တပည့်တော်တို့အားဆိုပြီးလျှင် မိမိအားမိန့်မှာတော်မူသောအရာများကိုပြောကြားလေ၏။
20:19 ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုး တို့ကိုကြောက်သဖြင့် မိမိတို့ရှိရာ နေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင် “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ” ဟု မိန့်တော်မူ၏။
20:20 ထိုသို့မိန့်တော်မူပြီးနောက် လက်တော်နှင့်နံဘေးတော်တို့ကို သူတို့အားပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကိုမြင်ရသောအခါ ဝမ်းမြောက်ကြ၏။
20:21 တစ်ဖန် ယေရှုက “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏” ဟု မိန့်တော်မူ၏။
20:22 ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက် “သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြလော့။
20:23 တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏” ဟု မိန့်တော်မူ၏။
20:24 တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ဒိဒုမု ဟုခေါ်သည့် သောမကား ယေရှုကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိခဲ့ချေ။
20:25 သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။
20:26 ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင် “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ” ဟု မိန့်တော်မူ၏။
20:27 ထို့နောက် သောမအား “သင်၏လက်ညှိုးဖြင့် ဤနေရာကိုတို့၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုလည်း ဆန့်၍ ငါ့နံဘေးထဲသို့ထိုးသွင်းလော့။ မယုံကြည်သောသူမဟုတ်ဘဲ ယုံကြည်သောသူဖြစ်လော့” ဟု မိန့်တော်မူ၏။
20:28 ထိုအခါ သောမက “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်”ဟု ပြန်လျှောက်လေ၏။
20:29 ယေရှုကလည်း “သင်သည် ငါ့ကိုမြင်ရသောကြောင့် ယုံကြည်ပြီတကား။ မမြင်ဘဲလျက် ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု မိန့်တော်မူ၏။
20:30 ယေရှုသည် ဤကျမ်း၌ရေး၍မထားသော အခြားနိမိတ်လက္ခဏာများစွာတို့ကိုလည်း တပည့်တော်တို့ရှေ့မှောက်တွင် ပြုတော်မူ၏။
20:31 သို့သော် ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်၌ အသက်ကိုရရှိကြရန် ဤအရာများကိုရေးထားခြင်းဖြစ်၏။