John 21
21:1 ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။
21:2 ရှိမုန်ပေတရုနှင့် ဒိဒုမု ဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
21:3 ရှိမုန်ပေတရုက “အကျွန်ုပ်ငါးသွားဖမ်းမည်”ဟု ဆို၏။ ထိုသူတို့က “အကျွန်ုပ်တို့လည်း သင်နှင့်အတူလိုက်မည်”ဟု ဆိုလျက် ထွက်သွား၍ လှေပေါ်သို့တက်ကြ၏။ သို့သော် ထိုညတွင် မည်သည့်အရာကိုမျှမရကြချေ။
21:4 မိုးလင်းချိန်ရောက်သောအခါ ယေရှုသည် ကမ်းစပ်တွင်ရပ်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်ကြောင်းကိုမသိကြ။
21:5 ထိုအခါ ယေရှုက “ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော” ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။
21:6 ကိုယ်တော်ကလည်း “လှေ၏ယာဘက်တွင် ပိုက်ကွန်ကိုပစ်ချကြလော့။ ထိုသို့ပြုလျှင် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည် ပိုက်ကွန်ကိုပစ်ချကြရာ ငါးများစွာမိသဖြင့် ပိုက်ကွန်ကိုဆွဲတင်၍မရနိုင်ကြတော့ပေ။
21:7 ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ပေတရုအား “သခင်ဘုရားပေတည်း”ဟု ဆိုလေ၏။ ရှိမုန်ပေတရုသည် သခင်ဘုရားဖြစ်ကြောင်း ကြားသောအခါ အဝတ်ချွတ်ထားသည်ဖြစ်၍ အပေါ်အဝတ်ကို ခါး၌စည်းပြီးလျှင် ပင်လယ်ထဲသို့ခုန်ဆင်းလေ၏။
21:8 အခြားတပည့်တော်တို့မူကား ကမ်းနှင့်မဝေးလှဘဲ ကိုက်တစ်ရာ ခန့်သာကွာသည့်နေရာ၌ရှိကြသောကြောင့် ငါးနှင့်ပြည့်နေသောပိုက်ကွန်ကိုဆွဲလျက် လှေငယ်ဖြင့်လာကြ၏။
21:9 ဤသို့ဖြင့် သူတို့သည် ကုန်းပေါ်သို့ရောက်ကြသောအခါ မီးခဲပုံနှင့် ထိုမီးခဲပုံပေါ်တင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့ကြ၏။
21:10 ယေရှုက “ယခုဖမ်းမိသောငါးအချို့ကို ယူခဲ့ကြလော့” ဟု သူတို့အား မိန့်တော်မူသဖြင့်
21:11 ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ရာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျက်ရှိ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည်မစုတ်ပြဲခဲ့ပေ။
21:12 ယေရှုက “လာ၍နံနက်စာကိုစားကြလော့” ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။
21:13 ယေရှုသည်လာ၍ မုန့်ကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းတူပေးတော်မူ၏။
21:14 ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။
21:15 ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား “ယောဟန်၏သား ရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော” ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
21:16 တစ်ဖန် “ယောဟန်၏သား ရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဟု ဒုတိယအကြိမ်မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း “ငါ၏သိုးတို့ကို အုပ်ထိန်းလော့” ဟု မိန့်တော်မူ၏။
21:17 တတိယအကြိမ်၌ ကိုယ်တော်က “ယောဟန်၏သား ရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော” ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌ “သင်သည် ငါ့ကိုချစ်ခင်သလော” ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း “ငါ၏သိုးတို့ကို ကျွေးမွေးလော့။
21:18 သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်” ဟု မိန့်တော်မူ၏။
21:19 ဤသို့မိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သောသေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ဤအရာကိုမိန့်တော်မူပြီးနောက် “ငါ့နောက်သို့လိုက်လော့” ဟု ပေတရုအား မိန့်တော်မူ၏။
21:20 ပေတရုသည် လှည့်ကြည့်လိုက်ရာ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှလိုက်လာသည်ကို မြင်လေ၏။ ထိုတပည့်တော်သည် ယခင်ညစာစားစဉ်က ယေရှု၏ရင်ခွင်တော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကိုယ်တော်ကိုအပ်နှံမည့်သူသည် မည်သူနည်း”ဟု မေးလျှောက်ခဲ့သူလည်းဖြစ်၏။
21:21 ထိုတပည့်တော်ကိုမြင်သောအခါ ပေတရုက “သခင်ဘုရား၊ ဤသူကား မည်သို့ဖြစ်မည်နည်း”ဟု ယေရှုအား မေးလျှောက်၏။
21:22 ယေရှုကလည်း “ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ သင်သည် ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
21:23 သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ “ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း” ဟူ၍သာ မိန့်တော်မူ၏။
21:24 ဤအကြောင်းအရာများကို သက်သေခံ၍ ရေးထားသောသူမှာ ထိုတပည့်တော်ပင်ဖြစ်၏။ သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
21:25 ယေရှုပြုတော်မူသော အခြားအမှုအရာများစွာရှိသေး၏။ ထိုအမှုအရာများကို တစ်ခုချင်းရေးထားပါက ဤကမ္ဘာကြီး၌ပင် ထိုရေးထားသောကျမ်းဂန်များဆန့်မည်မဟုတ်ဟု ငါထင်မှတ်၏။