Acts 1
1:1 အို သော်ဖိလု၊ ယေရှုသည် အမှုတော်ဆောင်ရွက်ခြင်းနှင့် သွန်သင်ခြင်းတို့ကို အစပြုတော်မူသည့်အချိန်မှစ၍
1:2 ရွေးကောက်တော်မူသောတမန်တော်များကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိန့်မှာတော်မူပြီးနောက် အထက်သို့ဆောင်ယူခြင်းခံတော်မူသောနေ့တိုင်အောင် ဖြစ်ပျက်သမျှတို့ကို ပထမစာစောင်၌ ငါရေးသားဖော်ပြခဲ့၏။
1:3 ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
1:4 ထို့နောက် အတူတကွစုရုံးနေကြစဉ် ကိုယ်တော်က သူတို့အား “ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့။
1:5 အကြောင်းမှာ ယောဟန်သည် ရေ၌ဗတ္တိဇံ ပေး၏။ သင်တို့မူကား မကြာမီအတွင်း သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်” ဟု မိန့်မှာတော်မူ၏။
1:6 တစ်ဖန် သူတို့စုဝေးလာကြသောအခါ သူတို့က ကိုယ်တော်အား “သခင်ဘုရား၊ ကိုယ်တော်သည် ယခုအချိန်တွင် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ပြန်လည်ထူထောင်ပေးတော်မူမည်လော”ဟု မေးလျှောက်ကြ၏။
1:7 ကိုယ်တော်ကလည်း “ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။
1:8 သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
1:9 ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။
1:10 ထိုသို့ ကိုယ်တော်တက်သွားတော်မူစဉ် သူတို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်နေကြရာ ဖြူဖွေးသောအဝတ်ကိုဝတ်ဆင်ထားသော လူနှစ်ဦးတို့သည် သူတို့အနီး၌ရပ်၍
1:11 “ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။
1:12 ထို့နောက် သူတို့သည် သံလွင်အမည်ရှိသောတောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ ထိုတောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခန့် အကွာအဝေး၌ရှိ၏။
1:13 သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အနြေ္ဒ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။
1:14 သူတို့အားလုံးသည် အမျိုးသမီးများ နှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်း အမှုကို အစဉ်တစိုက်ပြုနေကြ၏။
1:15 ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့ သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
1:16 “ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြပေးသူဖြစ်သည့် ယုဒဣရှကာရုတ်နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်၏နှုတ်အားဖြင့် ကြိုတင်ဟောကြားထားသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်၏။
1:17 အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။
1:18 သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
1:19 ထိုအကြောင်းကို ဂျေရုဆလင်မြို့၌ နေထိုင်သောသူအပေါင်းတို့သည်သိ၍ ထိုမြေကို မိမိတို့ဘာသာစကားဖြင့် အကေလဒမဟုခေါ်ဆိုကြ၏။ ၎င်း၏အဓိပ္ပာယ်မှာ သွေးမြေဟူ၍ဖြစ်၏။
1:20 အမှန်စင်စစ် ဆာလံကျမ်း၌ ‘သူ၏နေရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်ပါစေ။ ထိုအရပ်၌ နေထိုင်သောသူမရှိပါစေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူယူပါစေ’ဟု ရေးထား၏။
1:21 ထို့ကြောင့် သခင်ယေရှုသည် ငါတို့ထံ၌ ဝင်ထွက်သွားလာသည့်အချိန်တစ်လျှောက်လုံး၊
1:22 တစ်နည်းအားဖြင့် ယောဟန်ဗတ္တိဇံပေးသည့်အချိန်မှစ၍ ငါတို့ထံမှ အထက်သို့ ဆောင်ယူခြင်းကိုခံတော်မူသည့်နေ့ရက်တိုင်အောင် ငါတို့နှင့်လိုက်ပါသူများထဲမှ တစ်ဦးသည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါတို့နှင့်အတူ သက်သေခံသူဖြစ်ရမည်”ဟု ဆိုလေ၏။
1:23 ထိုအခါ သူတို့သည် ယုစတုအမည်ရှိသောဗာရှဗခေါ်ယောသပ်နှင့်မဿိတို့နှစ်ဦးကို အဆိုပြုလျက်
1:24 “လူအပေါင်းတို့၏စိတ်နှလုံးကို သိတော်မူသောသခင်ဘုရား၊
1:25 ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။
1:26 ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။