Acts 2
2:1 ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။
2:2 ထိုအခါ ပြင်းထန်သောလေတိုက်ခတ်သံနှင့်တူသည့် အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်ထွက်လာ၍ သူတို့ထိုင်နေသောအိမ်တစ်အိမ်လုံးကို ဖုံးလွှမ်းလေ၏။
2:3 ထို့နောက် ဖြာထွက်သည့်မီးလျှံကဲ့သို့သောလျှာများသည် သူတို့ရှေ့၌ပေါ်ထွက်လာ၍ သူတို့တစ်ဦးစီအပေါ်တည် လေ၏။
2:4 ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။
2:5 ထိုအချိန်ကာလတွင် မိုးကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကြည်ညိုသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့၌တည်းခိုနေကြ၏။
2:6 ထိုအသံထွက်ပေါ်လာသောအခါ များစွာသောလူတို့သည် စုဝေးလာကြ၍ သူတို့အသီးသီးသည် သူတို့၏ဘာသာစကားဖြင့် တမန်တော်တို့ပြောဆိုနေကြသည်ကိုကြားရသဖြင့် အံ့ဩတွေဝေကြကုန်၏။
2:7 သူတို့သည် အံ့သြငေးမောကြလျက် “ကြည့်ပါ။ ယခုပြောဆိုနေသော ဤသူအားလုံးတို့သည် ဂါလိလဲနယ်သားများဖြစ်ကြသည်မဟုတ်လော။
2:8 သို့ဖြစ်လျှင် ငါတို့အသီးသီးသည် ငါတို့မွေးဖွားရာအရပ်မှ ဘာသာစကားဖြင့် ကြားနေရသည်မှာ မည်သို့နည်း။
2:9 ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
2:10 ဖြူဂိပြည်၊ ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့အနီး လစ်ဗျားနယ်မြေဒေသတို့၌ နေထိုင်သောသူများရှိကြ၏။ ထို့ပြင် အလည်အပတ်ရောက်ရှိလာသောရောမနိုင်ငံသားများ၊ ဂျူးလူမျိုးများနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊
2:11 ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏ ။
2:12 လူအားလုံးတို့သည် အံ့သြငေးမောလျက် ဝေခွဲမရဖြစ်ကြကာ “ဤအမှုအရာသည် မည်သည့်အရာကိုဆိုလိုသနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
2:13 သို့သော် လူအချို့တို့က “သူတို့သည် ဝိုင်ချိုဖြင့်မူးယစ်နေကြသည်”ဟု ကဲ့ရဲ့ပြောဆိုကြ၏။
2:14 ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
2:15 ယခုအချိန်ကား နံနက်ကိုးနာရီ ဖြစ်၍ ဤသူတို့သည် သင်တို့ထင်မှတ်သကဲ့သို့ ယစ်မူးနေကြသည်မဟုတ်။
2:16 ဤအရာသည် ပရောဖက်ယောလဟောပြောထားသောအရာပင်ဖြစ်၏။
2:17 ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
2:18 ထိုနေ့ရက်တို့၌ ငါသည် ငါ၏အစေခံယောက်ျားနှင့် ငါ၏အစေခံမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
2:19 အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
2:20 ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမရောက်မီ နေသည် မှောင်မိုက်သွား၍ လသည် သွေးဖြစ်သွားလိမ့်မည်။
2:21 ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ ဟူ၍ ဖြစ်၏။
2:22 အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
2:23 ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
2:24 သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာ မှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
2:25 ဒါဝိဒ်ကလည်း ထိုအရှင်နှင့်ပတ်သက်၍ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည် တုန်လှုပ်ခြင်းမရှိရာ။
2:26 ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ် သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။
2:27 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
2:28 ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်’ ဟု ဆိုထား၏။
2:29 ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
2:30 သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေး ထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။
2:31 သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။
2:32 ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။
2:33 ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။
2:34 ဒါဝိဒ်သည် ကောင်းကင်ဘုံသို့တက်သွားခဲ့သည်မဟုတ်။ သို့သော် သူက ‘ထာဝရဘုရားသည် ငါ၏သခင်ဘုရားအား
2:35 သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုမိန့်တော်မူ၏’ ဟူ၍ ဆိုလေ၏။
2:36 ထို့ကြောင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သောထိုယေရှုကို သခင်အရာ၌လည်းကောင်း၊ ခရစ်တော်အရာ၌လည်းကောင်း ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးလုံးသည် သေချာစွာသိမှတ်ကြပါစေ”ဟု ဟောပြောလေ၏။
2:37 လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
2:38 ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
2:39 အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
2:40 ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
2:41 ထိုအခါ ပေတရု၏စကားကိုလက်ခံ သောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
2:42 ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။
2:43 လူအပေါင်းတို့၌ ကြောက်စိတ်ဖြစ်ပေါ်ကြပြီး တမန်တော်တို့သည်လည်း များစွာသောအံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာတို့ကိုပြုကြ၏။
2:44 ယုံကြည်သူအားလုံးတို့သည် တစ်စုတစ်ဝေးတည်းနေလျက် ရှိသမျှတို့ကို စုပေါင်းပိုင်ဆိုင်ကြကာ
2:45 ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချပြီးလျှင် ၎င်းတို့ကို တစ်ဦးချင်းစီ၌လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။
2:46 သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
2:47 ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှ တိုးပွားစေတော်မူ၏။