Acts 11
11:1 လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြကြောင်း တမန်တော်တို့နှင့် ယုဒပြည်တစ်လျှောက်တွင်ရှိသောညီအစ်ကိုတို့သည် ကြားသိကြ၏။
11:2 သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ တက်ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့က
11:3 “သင်သည် အရေဖျားမလှီးသောသူတို့အိမ်သို့ဝင်၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု သူ့ကိုပြစ်တင်ပြောဆိုကြ၏။
11:4 ထိုအခါ ပေတရုသည် ထိုအကြောင်းအရာကို သူတို့အား အစဉ်လိုက်ရှင်းပြကာ
11:5 “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
11:6 ငါသည် ထိုအရာထဲသို့ စူးစိုက်၍စေ့စေ့ကြည့်လိုက်ရာ မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်များကို မြင်ရ၏။
11:7 ထို့နောက် ‘ပေတရု၊ ထ၍သတ်စားလော့’ ဟု ငါ့အားပြောသောအသံကိုလည်း ငါကြားရ၏။
11:8 သို့သော် ငါက ‘မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား မစင်ကြယ်သောအရာ၊ သို့မဟုတ် ညစ်ညူးသောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ မဝင်ဖူးပါ’ဟု လျှောက်၏။
11:9 ထိုအခါ ဒုတိယအကြိမ်ကောင်းကင်မှ အသံထွက်ပေါ်လာ၍ ‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်’ ဟု ဆိုလေ၏။
11:10 ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာအားလုံးသည် ကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းခြင်းခံရ၏။
11:11 ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ငါ့ထံသို့စေလွှတ်လိုက်သည့် လူသုံးဦးတို့သည် ငါရှိနေသောအိမ်သို့ ရောက်လာကြ၏။
11:12 ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ‘သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့’ဟု ငါ့အား မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးတို့သည်လည်း ငါနှင့်အတူလိုက်သွား၍ ငါတို့သည် ထိုသူ၏အိမ်သို့ဝင်ကြ၏။
11:13 ထိုသူက ကောင်းကင်တမန်သည် သူ့အိမ်ထဲ၌ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
11:14 သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရရှိစေမည့်တရားစကားကို သင့်အား ဟောပြောလိမ့်မည်’ဟု မြွက်ဆိုသည်ကို သူမြင်ရကြောင်း ငါတို့အား ပြောပြခဲ့၏။
11:15 ထို့နောက် ငါစတင်ဟောပြောလေရာ သန့်ရှင်းသောဝိညာဉ်တော်သည် အစအဦးက ငါတို့အပေါ်သို့သက်ရောက်သကဲ့သို့ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။
11:16 ထိုအခါ ‘ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်’ ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ငါသတိရ၏။
11:17 ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။
11:18 သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။
11:19 သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
11:20 သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။
11:21 သခင်ဘုရား၏လက်တော်သည်လည်း သူတို့နှင့်အတူရှိသဖြင့် များစွာသောသူတို့သည်ယုံကြည်၍ သခင်ဘုရားထံသို့ပြောင်းလဲလာကြ၏။
11:22 ထိုသူတို့နှင့်ပတ်သက်သည့်သတင်းကို ဂျေရုဆလင်မြို့၌ရှိသော အသင်းတော်သည်ကြားလျှင် ဗာနဗကို အန္တိအုတ်မြို့အထိသွားရန် စေလွှတ်လေ၏။
11:23 ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
11:24 အကြောင်းမူကား သူသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်ဝသောသူဖြစ်၏။ ထိုအခါ များစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
11:25 ထို့နောက် ဗာနဗသည် ရှောလုကိုရှာရန် တာရှုမြို့သို့ထွက်သွား၍
11:26 သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
11:27 ထိုနေ့ရက်များ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။
11:28 ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိ မင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။
11:29 ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်သည့်အတိုင်း ယုဒပြည်၌နေထိုင်ကြသော ညီအစ်ကိုတို့အား အထောက်အပံ့ပို့ပေးရန် ဆုံးဖြတ်ကြ၏။
11:30 သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။