Acts 12
12:1 ထိုကာလ၌ ဟေရုဒ်မင်းသည် အသင်းတော်မှ လူအချို့တို့ကို မတရားနှိပ်စက်ရန် ဖမ်းဆီး၍
12:2 ယောဟန်၏အစ်ကိုယာကုပ်ကို ဓားဖြင့်ကွပ်မျက်လေ၏။
12:3 ထိုအမှုကို ဂျူးလူမျိုးတို့ နှစ်သက်ကြကြောင်းတွေ့မြင်လျှင် တစ်ဖန် ထပ်၍ ပေတရုကိုလည်းဖမ်းဆီးရန် စီစဉ်လေ၏။ ထိုအချိန်သည် တဆေးမဲ့မုန့်ပွဲတော်အချိန်ဖြစ်၏။
12:4 ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။
12:5 ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။
12:6 ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။
12:7 ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။
12:8 ထို့နောက် ကောင်းကင်တမန်က “ခါးပန်းစည်း၍ သင့်ဖိနပ်ကိုစီးလော့”ဟု ဆိုသဖြင့် သူသည် ထိုအတိုင်းပြုလေ၏။ တစ်ဖန် “သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့”ဟု ဆိုလေရာ
12:9 ပေတရုသည် ထွက်၍ လိုက်သွားလေ၏။ သို့သော် ကောင်းကင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်တကယ်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကိုမြင်နေရသည်ဟူ၍သာ သူထင်မှတ်နေ၏။
12:10 သူတို့သည် အစောင့်ချရာပထမနေရာနှင့်ဒုတိယနေရာတို့ကို ဖြတ်သွားပြီးလျှင် မြို့သို့သွားသည့်သံတံခါးသို့ ရောက်လာကြ၏။ ထိုတံခါးသည်လည်း သူတို့အတွက် အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းကြားတစ်ခုအတိုင်း ဆက်သွားကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ချက်ချင်းထွက်ခွာသွားလေ၏။
12:11 ထိုအခါ ပေတရုသည် သတိပြန်ဝင်လာ၍ “သခင်ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်ပြီး ဟေရုဒ်မင်း၏လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့မျှော်မှန်းထားသောအရာအားလုံးမှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူသည်ကို ယခု ငါအမှန်သိပြီ”ဟု ဆို၏။
12:12 သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
12:13 ပေတရုသည် အိမ်အဝင်တံခါးကိုခေါက်ရာ ရောဒေအမည်ရှိ အစေခံမိန်းမသည် မေးမြန်းရန်လာ၍
12:14 ပေတရု၏အသံကိုမှတ်မိသောအခါ ဝမ်းမြောက်သောကြောင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်ကာ တံခါးဝ၌ ပေတရုရပ်နေသည်ဟု ပြောကြားလေ၏။
12:15 လူတို့ကလည်း “သင်သည် ရူးသွပ်နေပြီ”ဟု သူ့အား ဆိုကြ၏။ သို့သော် သူသည် မိမိပြောသည့်အတိုင်း အမှန်ဖြစ်ကြောင်း အခိုင်အမာပြောဆိုသောအခါ သူတို့က “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်”ဟု ဆိုကြ၏။
12:16 သို့ရာတွင် ပေတရုသည် တံခါးကို ဆက်၍ခေါက်နေသဖြင့် သူတို့သည် တံခါးကိုဖွင့်လိုက်သောအခါ ပေတရုကိုမြင်၍ အံ့ဩငေးမောကြ၏။
12:17 ပေတရုသည် သူတို့ကို တိတ်ဆိတ်စွာနေကြရန်လက်ရိပ်ပြပြီး သခင်ဘုရားသည် မိမိအား ထောင်ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်လာခဲ့သည်ကို သူတို့အား ပြောပြ၏။ ထို့နောက် “ဤအကြောင်းအရာများကို ယာကုပ်နှင့်ညီအစ်ကိုတို့အား ပြောပြကြလော့”ဟု ဆိုပြီးလျှင် အခြားအရပ်သို့ ထွက်ခွာသွားလေ၏။
12:18 မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟု စစ်သားများအကြားတွင် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်လေ၏။
12:19 ဟေရုဒ်မင်းသည် ပေတရုကို ကြိုးစားရှာဖွေသော်လည်း မတွေ့သဖြင့် အစောင့်တို့ကိုစစ်ဆေး၍ သေဒဏ်ပေးရန် အမိန့်ချလေ၏။ ထို့နောက် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ ထိုမြို့၌နေလေ၏။
12:20 ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
12:21 ဟေရုဒ်မင်းသည် ချိန်းဆိုထားသောနေ့၌ မင်းဝတ်တန်ဆာများကိုဝတ်ဆင်လျက် ပလ္လင်တော် ပေါ်တွင်ထိုင်ကာ ထိုသူတို့အား မိန့်ခွန်းမြွက်ကြားလေ၏။
12:22 လူစုလူဝေးကလည်း “ဤအသံသည် လူ၏အသံမဟုတ်။ ဘုရားသခင်၏အသံဖြစ်၏”ဟု ကြွေးကြော်ကြ၏။
12:23 မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
12:24 ထိုအခါ ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့လျက် တိုးပွားလေ၏။
12:25 ဗာနဗနှင့်ရှောလုတို့သည် ထောက်ပံ့ခြင်းအမှုကို ပြီးစီးအောင်ဆောင်ရွက်ပြီးနောက် မာကုဟုခေါ်သောယောဟန်ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။