Acts 14
14:1 ပေါလုနှင့်ဗာနဗတို့သည် ဣကောနိမြို့၌လည်း ဂျူးလူမျိုး၏ဝတ်ပြုစည်းဝေးကျောင်း သို့ဝင်၍ ထိုနည်းတူ ဟောပြောကြရာ ဂျူးလူမျိုးနှင့်ဂရိလူမျိုးအမြောက်အမြားတို့သည် ယုံကြည်ကြ၏။
14:2 သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
14:3 ထို့ကြောင့် သူတို့နှစ်ဦးသည် အချိန်အတန်ကြာနေလျက် သခင်ဘုရားအားဖြင့် ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့၏လက်ဖြင့် နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကို ပြုခွင့်ပေးတော်မူ၍ မိမိကျေးဇူးတော်နှင့်ဆိုင်သောနှုတ်ကပတ်တရားဘက်၌ သက်သေခံတော်မူ၏။
14:4 မြို့သူမြို့သားတို့သည် နှစ်စုကွဲ၍ အချို့တို့သည် ဂျူးလူမျိုးတို့ဘက်၌ပါကြပြီး အချို့တို့သည် တမန်တော်တို့ဘက်၌ပါကြ၏။
14:5 လူမျိုးခြားများနှင့်ဂျူးလူမျိုးတို့သည် သူတို့၏အကြီးအကဲများနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ခဲနှင့်ပေါက်သတ်ရန် ကြံစည်အားထုတ်ကြသောအခါ
14:6 တမန်တော်တို့သည် ကြားသိ၍ လုကောနိပြည်ရှိမြို့များဖြစ်ကြသည့် လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ဝန်းကျင်ရှိဒေသများသို့ ထွက်ပြေးကာ
14:7 ထိုအရပ်တို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက်နေကြ၏။
14:8 လုတ္တရမြို့တွင် ခြေချည့်သောလူတစ်ဦးထိုင်လျက်နေ၏။ သူသည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူဖြစ်လျက် တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးပေ။
14:9 ထိုသူသည် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို စေ့စေ့ကြည့်၍ အကောင်းပကတိဖြစ်ရန် သူ၌ ယုံကြည်ခြင်းရှိကြောင်း မြင်လျှင်
14:10 “ထ၍ သင့်ခြေထောက်ဖြင့် မတ်မတ်ရပ်လော့”ဟု ကျယ်လောင်သောအသံဖြင့်ဆို၏။ ထိုအခါ သူသည် ထခုန်၍ လမ်းလျှောက်လေ၏။
14:11 လူတို့သည် ပေါလုပြုသောအရာကို မြင်လျှင် “ဘုရားများသည် လူ့အသွင်ကိုဆောင်လျက် ငါတို့ထံသို့ ဆင်းသက်လာလေပြီ”ဟု မိမိတို့အသံကိုကျယ်စွာပြု၍ လုကောနိဘာသာစကားဖြင့် ပြောဆိုကြ၏။
14:12 သူတို့သည် ဗာနဗကို ဇုသဟုခေါ်၍ ပေါလုသည် ဦးဆောင်ဟောပြောသူဖြစ်သောကြောင့် သူ့ကို ဟေရမေဟုခေါ်ကြ၏။
14:13 မြို့အပြင်၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် လူထုပရိသတ်နှင့်အတူ ယဇ်ပူဇော်လို၍ နွားလားနှင့်ပန်းကုံးများကို မြို့တံခါးဝသို့ ယူဆောင်လာ၏။
14:14 တမန်တော်ဗာနဗနှင့်ပေါလုတို့သည် ထိုအကြောင်းကိုကြားလျှင် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲ၍ လူထုပရိသတ်အလယ်သို့ပြေးသွားကာ
14:15 “မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
14:16 လွန်လေပြီးသောခေတ်ကာလများတွင် ဘုရားသခင်သည် လူမျိုးတကာတို့ကို မိမိတို့လမ်းစဉ်အတိုင်းလျှောက်လှမ်းကြရန် အခွင့်ပေးထားတော်မူ၏။
14:17 သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့ အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့ စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
14:18 သူတို့သည် ထိုသို့ပြောဆိုလျက် မိမိတို့အား ယဇ်ပူဇော်ခြင်းမပြုကြရန် လူထုပရိသတ်များကို ခဲယဉ်းစွာတားမြစ်ရ၏။
14:19 ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
14:20 သို့သော် တပည့်တော်တို့သည် သူ့ကိုဝိုင်းရံလျက်နေကြစဉ် သူသည် ထ၍ မြို့ထဲသို့ဝင်လေ၏။ နောက်တစ်နေ့တွင် ပေါလုသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာသွားလေ၏။
14:21 သူတို့သည် ထိုမြို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူများစွာတို့ကို တပည့်တော်ဖြစ်စေကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် အန္တိအုတ်မြို့များသို့ ပြန်သွားပြီးလျှင်
14:22 တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
14:23 အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
14:24 ထို့နောက် ပေါလုနှင့်ဗာနဗတို့သည် ပိသိဒိပြည်ကိုဖြတ်၍ ပံဖုလိပြည်သို့ရောက်ကာ
14:25 ပေရဂေမြို့၌ နှုတ်ကပတ်တရားကိုဟောပြောပြီးလျှင် အတ္တလိမြို့သို့ ဆင်းသွားကြ၏။
14:26 ထိုမြို့မှတစ်ဆင့် ရွက်လွှင့်ကာ ယခု သူတို့ဆောင်ရွက်ပြီးစီးသွားသောအမှုတော်အတွက် ဘုရားသခင်၏ကျေးဇူးတော်၌အပ်နှံခြင်းခံခဲ့ရာအန္တိအုတ်မြို့သို့ ပြန်သွားကြ၏။
14:27 သူတို့ရောက်ကြသောအခါ အသင်းတော်ကိုစုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို လူမျိုးခြားတို့အတွက် ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောကြားကြ၏။
14:28 ထို့နောက် သူတို့သည် တပည့်တော်တို့နှင့်အတူ အချိန်ကြာမြင့်စွာနေကြ၏။