Acts 15
15:1 လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
15:2 ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
15:3 ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
15:4 ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
15:5 သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
15:6 ထိုအခါ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအကြောင်းအရာကို ကြည့်ရှုသုံးသပ်ရန် စုဝေးကြ၏။
15:7 များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည် ထ၍ “ညီအစ်ကိုတို့၊ လူမျိုးခြားတို့သည် ငါ၏နှုတ်အားဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်တရားစကားကိုကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် လွန်ခဲ့သည့်အချိန်က သင်တို့ အထဲမှ ငါ့ကို ရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။
15:8 စိတ်နှလုံးကိုသိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေး၍ သူတို့ကို အသိအမှတ်ပြုတော်မူ၏။
15:9 ဘုရားသခင်သည် သူတို့နှင့်ငါတို့ကို လုံးဝခွဲခြားတော်မမူဘဲ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို စင်ကြယ်စေတော်မူ၏။
15:10 သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။
15:11 ငါတို့သည်လည်း ထိုသူတို့နည်းတူ သခင်ယေရှု ၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြ၏”ဟု ပြောဆို၏။
15:12 ထိုအခါ စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်သွား၍ ဗာနဗနှင့်ပေါလုတို့က မိမိတို့အားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအကြောင်း ပြောပြကြသည်ကို နားထောင်လျက်နေကြ၏။
15:13 သူတို့ပြောဆိုပြီးသောအခါ ယာကုပ်က “ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြပါ။
15:14 ဘုရားသခင်သည် မိမိနာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူမျိုးတော်ကိုရယူရန် သူတို့ထံ ဦးစွာအကြည့်အရှုကြွလာတော်မူကြောင်း ရှိမုန်က ပြောပြခဲ့ပြီ။
15:15 ပရောဖက်တို့၏စကားသည်လည်း ဤအကြောင်းအရာနှင့် ကိုက်ညီ၏။ ကျမ်းစာ၌
15:16 ‘ဤအရာများနောက်တွင် ငါသည် ပြန်လာ၍ ပြိုလဲသောဒါဝိဒ်၏တဲကို ပြန်၍တည်ဆောက်မည်။ ငါသည် ဖြိုဖျက်ခြင်းခံရသော ထိုတဲကို ပြန်၍တည်ဆောက်ပြီး ၎င်းကို ပြန်လည်ခိုင်ခံ့စေမည်။
15:17 ဤသည်ကား ကြွင်းကျန်သောလူတို့နှင့် ငါ၏နာမဖြင့် ခေါ်ဝေါ်သမုတ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာဝရဘုရားကို ရှာဖွေကြမည့်အကြောင်းတည်းဟု
15:18 ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏ ’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
15:19 ထို့ကြောင့် လူမျိုးခြားတို့ထဲမှ ဘုရားသခင်ထံပြောင်းလဲလာသောသူတို့ကို ဒုက္ခမပေးဘဲ
15:20 ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
15:21 အကြောင်းမူကား ရှေးအခါကပင် မြို့တိုင်း၌ မောရှေ၏ပညတ်တရားကို ဟောပြောသောသူရှိ၍ ထိုကျမ်းကို ဥပုသ်နေ့တိုင်း ဝတ်ပြုစည်းဝေးကျောင်း များတွင် ဖတ်လေ့ရှိကြ၏”ဟု ဆိုလေ၏။
15:22 ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။
15:23 ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များနှင့်အသင်းတော်အကြီးအကဲများဖြစ်ကြသော ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
15:24 ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
15:25 သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ
15:27 ယုဒနှင့်သိလတို့ကို ငါတို့စေလွှတ်လိုက်ပါ၏။ သူတို့သည် ဤအကြောင်းအရာတို့ကို နှုတ်ဖြင့်လည်း ပြောပြကြပါလိမ့်မည်။
15:28 အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည် လိုက်နာရန်လိုအပ်သည့်အောက်ပါအချက်များမှတစ်ပါး အခြားမည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ သင်တို့အပေါ်မတင်ရန် ဆုံးဖြတ်ထားကြ၏။
15:29 ၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
15:30 ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွား ကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။
15:31 သူတို့သည် ထိုစာကိုဖတ်ကြသောအခါ ၎င်း၌ပါသော တိုက်တွန်းအားပေးမှုကြောင့် ဝမ်းမြောက်ကြ၏။
15:32 ယုဒနှင့်သိလတို့ကိုယ်တိုင်သည်လည်း ပရောဖက်များဖြစ်ကြသောကြောင့် များစွာသောစကားတို့ဖြင့် ညီအစ်ကိုတို့ကို တိုက်တွန်းနှိုးဆော်လျက် ခိုင်ခံ့မြဲမြံစေကြ၏။
15:33 ထို့နောက် အချိန်အတန်ကြာနေပြီးမှ ညီအစ်ကိုတို့သည် သူတို့ကို ငြိမ်းချမ်းစွာပြန်လွှတ်သဖြင့် သူတို့သည် မိမိတို့ကိုစေလွှတ်သောသူတို့ ထံသို့ ပြန်သွားကြ၏။
15:34 [သို့သော် သိလသည် ထိုနေရာ၌နေရစ်ရန် ဆုံးဖြတ်လေ၏။]
15:35 ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။
15:36 ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
15:37 ဗာနဗသည် မာကုဟုခေါ်သောယောဟန်ကိုလည်း မိမိနှင့်အတူခေါ်ဆောင်သွားလို၏။
15:38 သို့သော် ပေါလုက ပံဖုလိပြည်တွင် သူတို့ထံမှ ထွက်ခွာသွားပြီး အမှုတော်ထမ်းဆောင်ရာသို့ သူတို့နှင့်အတူမလိုက်ခဲ့သောသူကို မခေါ်သွားသင့်ဟု မှတ်ယူ၏။
15:39 ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။
15:40 ပေါလုမူကား သိလကိုရွေးချယ်ပြီး ညီအစ်ကိုတို့အားဖြင့် သခင်ဘုရား ၏ကျေးဇူးတော်သို့ အပ်နှံခြင်းကိုခံယူလျက် ထွက်ခွာသွားလေ၏။
15:41 သူသည် ဆီးရီးယားပြည်နှင့်ဆီလီဆီးယားပြည်တို့ကို လှည့်လည်၍ အသင်းတော်များကို ခိုင်ခံ့မြဲမြံစေ၏။