Acts 16
16:1 ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။
16:2 သူသည် လုတ္တရနှင့်ဣကောနိမြို့ရှိ ညီအစ်ကိုတို့တွင် ဂုဏ်သတင်းကောင်းသောသူဖြစ်၏။
16:3 ပေါလုသည် သူ့ကို မိမိနှင့်အတူလိုက်စေလို၍ ထိုအရပ်၌ရှိသော ဂျူးလူမျိုးတို့ကြောင့် သူ့အား အရေဖျားလှီးခြင်းပေး၏။ အကြောင်းမူကား သူ၏ဖခင်သည် ဂရိအမျိုးသားဖြစ်ကြောင်း သူတို့အားလုံးသိနေကြ၏။
16:4 ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။
16:5 ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်းပိုမိုခိုင်မာလာ၍ တစ်နေ့တခြား လူဦးရေတိုးပွားလာ၏။
16:6 ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။
16:7 တစ်ဖန် မုသိပြည်နယ်စပ်သို့ရောက်၍ ဗိသုနိပြည်သို့သွားရန် ကြိုးစားကြရာ သခင်ယေရှု၏ ဝိညာဉ်တော်သည် သူတို့ကို ခွင့်မပြုခဲ့ပေ။
16:8 ထို့ကြောင့် သူတို့သည် မုသိပြည်ကိုဖြတ်၍ တရောမြို့သို့ ဆင်းသွားကြ၏။
16:9 ညအခါ ပေါလုသည် ရူပါရုံတစ်ခုကို မြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့ ကူးလာ၍ အကျွန်ုပ်တို့ကို ကူညီပေးပါ”ဟု သူ့အား တောင်းပန်ပြောဆို၏။
16:10 ထိုရူပါရုံကို ပေါလုမြင်ရသောအခါ သူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ဘုရားသခင် သည် ငါတို့ကို ခေါ်တော်မူပြီဟု ကောက်ချက်ချ၍ ချက်ချင်းပင် မာကေဒေါနိပြည်သို့သွားရန် ကြိုးစားကြ၏။
16:11 ငါတို့သည် တရောမြို့မှရွက်လွှင့်၍ သာမောသရက်ကျွန်းသို့ တိုက်ရိုက်သွားပြီးလျှင် နောက်တစ်နေ့၌ နေအာပေါလိမြို့သို့ရောက်ကြ၏။
16:12 ထိုမြို့မှတစ်ဆင့် ဖိလိပ္ပိမြို့သို့ သွားကြ၏။ ဖိလိပ္ပိမြို့သည် မာကေဒေါနိပြည်၏ထိုအပိုင်းတွင် အဓိက မြို့ဖြစ်ပြီး ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ထိုမြို့တွင် ရက်အတန်ကြာနေကြ၏။
16:13 ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းပတ္ထနာပြုသောနေရာရှိမည်ဟုထင်ရသည့် မြစ်ကမ်းနားသို့သွားလျက် ထိုနေရာ၌ထိုင်ပြီးလျှင် စုဝေးလာကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
16:14 သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။
16:15 သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
16:16 တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။
16:17 ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
16:18 သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
16:19 သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
16:20 အုပ်ချုပ်ရေးအရာရှိများထံ ရောက်ကြသောအခါ “ဤသူတို့သည် ဂျူးလူမျိုးဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို အလွန်မငြိမ်မသက်ဖြစ်စေ၍
16:21 ရောမနိုင်ငံသားများဖြစ်ကြသောအကျွန်ုပ်တို့ လက်မခံအပ်၊ မကျင့်သုံးအပ်သော ဓလေ့ထုံးစံများကို ဟောပြောနေကြပါသည်”ဟု ဆိုကြ၏။
16:22 လူထုပရိသတ်ကလည်း သူတို့နှင့်အတူထလျက် ပေါလုနှင့်သိလတို့ကို ဆန့်ကျင်ကြ၏။ ထိုအခါ အုပ်ချုပ်ရေးအရာရှိတို့သည် ပေါလုနှင့်သိလတို့၏အဝတ်ကိုဆွဲဖြဲ၍ သူတို့ကိုရိုက်နှက်ရန် အမိန့်ပေးကြ၏။
16:23 သူတို့ကို အချက်ပေါင်းများစွာရိုက်နှက်စေပြီးလျှင် ထောင်ထဲ၌ထည့်ထားကာ သူတို့ကို သေချာစွာစောင့်ကြပ်ထားရန် ထောင်မှူးအား အမိန့်ပေးကြ၏။
16:24 ထိုအမိန့်ကိုရသောထောင်မှူးသည် သူတို့ကို ထောင်အတွင်းခန်းတွင်ထည့်ထား၍ သူတို့ခြေကို ထိတ်တုံးခတ်ထားလေ၏။
16:25 သန်းခေါင်အချိန်ခန့်တွင် ပေါလုနှင့်သိလတို့သည် ဘုရားသခင်ထံဆုတောင်းလျက် ချီးမွမ်းသီချင်းသီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း သူတို့ကိုနားထောင်နေကြ၏။
16:26 ထိုအခါ ရုတ်တရက် ငလျင်ပြင်းထန်စွာလှုပ်သဖြင့် ထောင်၏အုတ်မြစ်သည် တုန်ခါ၍ တံခါးရှိသမျှသည် ချက်ချင်းပွင့်သွားကာ အကျဉ်းသားအားလုံး၏သံကြိုးများသည် ပြုတ်သွားလေ၏။
16:27 ထောင်မှူးသည် နိုးလာ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများလွတ်သွားပြီဟုထင်မှတ်လျက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကိုသတ်မည်ပြု၏။
16:28 သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။
16:29 ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် တုန်လှုပ်လျက် ပေါလုနှင့်သိလတို့ရှေ့တွင် ပျပ်ဝပ်လေ၏။
16:30 ထို့နောက် သူတို့ကို အပြင်သို့ထုတ်ဆောင်ကာ “အရှင်တို့၊ ကယ်တင်ခြင်းခံရရန် အကျွန်ုပ်မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလေ၏။
16:31 သူတို့ကလည်း “သခင်ယေရှု ကိုယုံကြည်လော့။ သို့ပြုလျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်”ဟု ဆိုကြ၏။
16:32 ထို့နောက် သူနှင့် သူ၏အိမ်၌ရှိသောသူအားလုံးတို့အား သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။
16:33 ထောင်မှူးသည် ထိုညတွင်းချင်းပင် သူတို့ကိုခေါ်ဆောင်သွား၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထို့နောက် သူနှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့သည် ချက်ချင်းဗတ္တိဇံခံကြ၏။
16:34 သူသည် ပေါလုနှင့်သိလတို့ကို အိမ်သို့ခေါ်ဖိတ်၍ စားဖွယ်ရာများတည်ခင်းကျွေးမွေးကာ အိမ်သူအိမ်သားအားလုံးနှင့်အတူ ဘုရားသခင်ကိုယုံကြည်ရသောကြောင့် အလွန်ဝမ်းမြောက်လေ၏။
16:35 မိုးလင်းသောအခါ အုပ်ချုပ်ရေးအရာရှိများသည် နယ်ထိန်းတို့ကိုစေလွှတ်၍ “ထိုသူတို့ကိုလွှတ်ပေးလိုက်ပါ”ဟု ဆိုကြ၏။
16:36 ထိုအခါ ထောင်မှူးသည် ထိုသတင်းကို ပေါလုအား ပြောကြားလျက် “အုပ်ချုပ်ရေးအရာရှိများက လူလွှတ်၍ သင်တို့ကိုလွှတ်ပေးရန် မှာလိုက်ပါသည်။ ထို့ကြောင့် ယခုထွက်လာ၍ ငြိမ်းချမ်းစွာသွားကြပါ”ဟု ဆို၏။
16:37 သို့သော် ပေါလုသည် ထိုနယ်ထိန်းတို့အား “သူတို့သည် ရောမနိုင်ငံသားဖြစ်ကြသောငါတို့ကို မစစ်ဆေးဘဲ လူအများရှေ့၌ ရိုက်နှက်လျက် ထောင်ထဲ၌ထည့်ထားကြပြီးမှ ယခု ငါတို့ကို တိတ်တဆိတ်ပြန်လွှတ်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ”ဟု ဆိုလေ၏။
16:38 ထိုအခါ နယ်ထိန်းတို့သည် ထိုစကားတို့ကို အုပ်ချုပ်ရေးအရာရှိများထံ ပြောကြားကြ၏။ သူတို့နှစ်ဦးသည် ရောမနိုင်ငံသားဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိများ ကြားသိသောအခါ ကြောက်ရွံ့ကြ၍
16:39 ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။
16:40 သူတို့သည်လည်း ထောင်ထဲမှ ထွက်လာကြသောအခါ လုဒိထံသို့ သွား၍ ညီအစ်ကိုများနှင့်တွေ့ဆုံကာ သူတို့ကို တိုက်တွန်းနှိုးဆော်ပြီးမှ ထွက်ခွာသွားကြ၏။