Acts 19
19:1 အာပေါလုသည် ကောရိန်သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့်
19:2 “သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြ၏။
19:3 ပေါလုကလည်း “သို့ဖြစ်လျှင် မည်သည့်ဗတ္တိဇံကို ခံခဲ့ကြသနည်း”ဟု မေးလျှင် သူတို့က “ယောဟန်၏ဗတ္တိဇံကို ခံခဲ့ကြပါသည်”ဟု ဖြေကြားကြ၏။
19:4 ထိုအခါ ပေါလုက “ယောဟန်သည် ‘မိမိနောက်တွင်ကြွလာမည့်အရှင်ကိုယုံကြည်ရမည်’ဟု ဆိုလျက် လူတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ယေရှု ကိုဆိုလို၏”ဟု ဆိုလေ၏။
19:5 သူတို့သည် ထိုစကားကိုကြားလျှင် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံကြ၏။
19:6 ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
19:7 ထိုသူတို့သည် အားလုံးပေါင်းတစ်ဆယ့်နှစ်ယောက်ခန့်မျှရှိကြ၏။
19:8 ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်း သို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
19:9 သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။
19:10 နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
19:11 ဘုရားသခင်သည် ပေါလု၏လက်ဖြင့် အလွန်ထူးခြားသောတန်ခိုးလက္ခဏာများကို ပြုတော်မူ၏။
19:12 သူ့ကိုယ်ပေါ်မှ ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်ကိုယူသွား၍ နာမကျန်းဖြစ်သူများအပေါ်တင်လျှင် သူတို့၏ရောဂါများပျောက်ကင်း၍ နတ်ဆိုးများလည်း ထွက်သွားကြ၏။
19:13 ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏ ”ဟု ဆိုကြ၏။
19:14 ထိုသို့ပြုသောသူများမှာ ဂျူးလူမျိုးယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ယောက်တို့ဖြစ်ကြ၏။
19:15 သို့ရာတွင် နတ်ဆိုးက “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူဖြစ်ကြသနည်း”ဟု သူတို့အား ဆိုပြီးလျှင်
19:16 ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံး ကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးကြရ၏။
19:17 ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။
19:18 ယုံကြည်သူ များစွာတို့သည်လည်း လာ၍ မိမိတို့ပြုမိသောအရာများကို ထုတ်ဖော်ဝန်ခံကြ၏။
19:19 မှော်အတတ်ကိုသုံးခဲ့သူများစွာတို့သည်လည်း ၎င်းနှင့်ပတ်သက်သောစာအုပ်များကို စုစည်းယူဆောင်လာ၍ အားလုံးတို့ရှေ့၌ မီးရှို့ကြ၏။ ထိုစာအုပ်များ၏တန်ဖိုးကို တွက်ချက်ကြရာ ငွေဒင်္ဂါးငါးသောင်းဖိုးရှိကြောင်း တွေ့ရှိကြ၏။
19:20 ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။
19:21 ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ် လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
19:22 ထို့ကြောင့် သူသည် မိမိကိုကူညီဆောင်ရွက်ပေးသူများထဲမှ တိမောသေနှင့်ဧရတ္တုတို့နှစ်ဦးကို မာကေဒေါနိပြည်သို့စေလွှတ်၍ သူကိုယ်တိုင်သည် အာရှပြည်တွင် ခေတ္တနေခဲ့၏။
19:23 ထိုအချိန်အတွင်း တရားလမ်းနှင့်ပတ်သက်၍ အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်လေ၏။
19:24 ဖြစ်ရသည့်အကြောင်းကား ဒေမေတရိအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်ကို ပြုလုပ်ခြင်းအားဖြင့် ပန်းထိမ်သမားတို့အား အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေ၏။
19:25 သူသည် ထိုသူတို့အပါအဝင် အလားတူလုပ်ငန်းမျိုးလုပ်ကိုင်နေသောသူများကို စုဝေးစေလျက် “မိတ်ဆွေတို့၊ ဤလုပ်ငန်းအားဖြင့် ငါတို့အကျိုးစီးပွားဖြစ်ထွန်းသည်ကို သင်တို့သိကြ၏။
19:26 သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။
19:27 ဤအမှုအရာသည် ငါတို့၏လုပ်ငန်းကို နာမည်ပျက်စေမည်ဟု စိုးရိမ်ရသည်သာမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်သည် ပမာဏပြုစရာမရှိတော့ဘဲ အာရှပြည်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုးကွယ်သည့် နတ်ဘုရားမ၏ခန့်ညားထည်ဝါမှုသည်လည်း ကွယ်ပျောက်သွားတော့မည်ဟု စိုးရိမ်ရ၏”ဟု ပြောဆိုလေ၏။
19:28 သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာဒေါသထွက်၍ “ဧဖက်မြို့သားတို့၏အာတေမိသည် ကြီးမြတ်ပေ၏”ဟု အော်ဟစ်ကြ၏။
19:29 ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
19:30 ပေါလုသည် လူစုလူဝေးထဲသို့ဝင်လိုသော်လည်း တပည့်တော်တို့သည် သူ့ကိုတားမြစ်ကြ၏။
19:31 ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။
19:32 လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။
19:33 ဂျူးလူမျိုးတို့သည် အလက်ဇန္ဒြားဆိုသူတစ်ဦးကို ရှေ့သို့ထွက်စေ၍ လူအစုအဝေးထဲမှအချို့တို့ကလည်း သူ့ကိုထောက်ခံသဖြင့် အလက်ဇန္ဒြားသည် လက်ရိပ်ပြကာ လူစုလူဝေးအား ချေပပြောဆိုရန် ကြိုးစားလေ၏။
19:34 သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်း လူတို့သိကြသောအခါ အားလုံးသည် တစ်သံတည်းဖြင့် “ဧဖက်မြို့သားတို့၏အာတေမိသည် ကြီးမြတ်ပေ၏”ဟု နှစ်နာရီခန့်မျှ ကြွေးကြော်ကြ၏။
19:35 ထို့နောက် မြို့စာရေးသည် လူအစုအဝေးကို တိတ်ဆိတ်စေပြီးလျှင် “ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သောအာတေမိနတ်ဘုရားမ ၏ဗိမာန်နှင့် ကောင်းကင်မှကျလာသောရုပ်ပွားတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်ကြောင်း မသိသောသူတစ်စုံတစ်ဦးရှိသလော။
19:36 ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။
19:37 အကြောင်းမူကား သင်တို့ခေါ်ဆောင်ခဲ့သော ဤသူတို့သည် ဗိမာန်တော်ကို လုယက်သောသူလည်းမဟုတ်။ ငါတို့ ၏နတ်ဘုရားမကို စော်ကားပြောဆိုသောသူလည်းမဟုတ်။
19:38 ထို့ကြောင့် ဒေမေတရိမှစ၍ သူနှင့်အတူရှိသောပန်းထိမ်သမားတို့သည် တစ်စုံတစ်ဦးကို တရားစွဲဆိုရန်ရှိလျှင် တရားရုံးများဖွင့်ထားပြီး အုပ်ချုပ်ရေးမှူးများလည်း ရှိကြသည်ဖြစ်၍ အမှုသည်ချင်း တရားတွေ့ကြပါစေ။
19:39 သို့သော် သင်တို့သည် အခြားကိစ္စတစ်စုံတစ်ခုအလိုရှိလျှင် တရားဝင်အစည်းအဝေး၌ ဆုံးဖြတ်ရမည်။
19:40 ယနေ့ဖြစ်ခဲ့သောအမှုနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ခုမျှမရှိသောကြောင့် ငါတို့သည် ဆူပူအုံကြွမှုအတွက် စွဲဆိုခံရမည်ဟုစိုးရိမ်ရ၏။ ငါတို့သည် ဤပူးပေါင်းကြံစည်မှုအတွက် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်”ဟု ဆိုလျက်
19:41 လူအစုအဝေးကို ပြန်လွှတ်လိုက်လေ၏။