Acts 20
20:1 ထိုရုန်းရင်းဆန်ခတ်မှု ရပ်တန့်သွားပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ တိုက်တွန်းနှိုးဆော်ကာ သူတို့အား နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်ခွာသွားလေ၏။
20:2 ထိုဒေသများကိုဖြတ်သွားရင်း များစွာသောတရားစကားတို့ဖြင့် တပည့်တော်တို့ကို တိုက်တွန်းနှိုးဆော်ပြီးလျှင် ဂရိပြည်သို့ရောက်လာ၏။
20:3 ထိုပြည်၌ သုံးလနေပြီးနောက် ဆီးရီးယားပြည်သို့ ရွက်လွှင့်မည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် မာကေဒေါနိပြည်ကိုဖြတ်၍ ပြန်သွားရန် ဆုံးဖြတ်လေ၏။
20:4 ပေါလုနှင့်အတူလိုက်ပါသော သူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။
20:5 သူတို့သည် ဦးစွာသွားနှင့်ပြီး တရောမြို့တွင် ငါတို့ကိုစောင့်နေကြ၏။
20:6 တဆေးမဲ့မုန့်ပွဲတော်နေ့များလွန်သောအခါ ငါတို့သည် ဖိလိပ္ပိမြို့မှ ရွက်လွှင့်၍ ငါးရက်အတွင်း တရောမြို့၌ရှိသောထိုသူတို့ထံသို့ ရောက်ပြီးလျှင် ထိုမြို့တွင် ခုနစ်ရက်နေကြ၏။
20:7 ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့ သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။
20:8 ငါတို့စုဝေးရာအထက်ခန်းတွင် မီးခွက်အမြောက်အမြားထွန်းထား၏။
20:9 ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။
20:10 ထိုအခါ ပေါလုသည် ဆင်းလာ၍ သူ့အပေါ် မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးလျှင် “ရုတ်ရုတ်သဲသဲမဖြစ်ကြနှင့်။ အကြောင်းမူကား သူ့အသက်သည် သူ၌ရှိ၏”ဟု ဆိုလေ၏။
20:11 ထို့နောက် အပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားသုံးကာ မိုးလင်းသည်အထိ ကြာမြင့်စွာပြောဆိုပြီးမှ ထွက်ခွာသွားလေ၏။
20:12 သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။
20:13 ငါတို့သည် ပေါလုကို အဿုမြို့၌သင်္ဘောပေါ်ခေါ်တင်ရန် စီစဉ်လျက် သင်္ဘောဆီသို့ ဦးစွာသွားပြီးလျှင် ထိုမြို့သို့ ရွက်လွှင့်ကြ၏။ ဤသို့စီစဉ်ခြင်းမှာ ပေါလုသည် ကုန်းကြောင်းသွားရန်စီစဉ်ထား၍ ထိုသို့မှာကြားခဲ့သောကြောင့်ဖြစ်၏။
20:14 သူသည် အဿုမြို့တွင် ငါတို့နှင့်ဆုံသောအခါ ငါတို့သည် သူ့ကို သင်္ဘောပေါ်ခေါ်တင်၍ မိတုလင်မြို့သို့ သွားကြ၏။
20:15 ထိုမြို့မှ တစ်ဖန်ရွက်လွှင့်ကြပြီး နောက်တစ်နေ့တွင် ခိအုကျွန်း၏တစ်ဖက်သို့ ရောက်ကြ၏။ ထိုမှ တစ်နေ့ကြာသော် သာမုကျွန်းသို့ဝင်၍ နောက်တစ်နေ့တွင် မိလက်မြို့သို့ရောက်ကြ၏။
20:16 ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။
20:17 ထို့ကြောင့် ပေါလုသည် မိလက်မြို့မှ ဧဖက်မြို့သို့ လူလွှတ်၍ အသင်းတော်အကြီးအကဲများကိုခေါ်လေ၏။
20:18 သူတို့ရောက်လာကြသောအခါ ပေါလုက “ငါသည် အာရှပြည်၌ ပထမဦးဆုံးခြေချသည့်နေ့မှစ၍ သင်တို့နှင့်အတူရှိခဲ့သည့်ကာလတစ်လျှောက် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သင်တို့သိကြ၏။
20:19 ငါသည် အလွန်စိတ်နှိမ့်ချခြင်း၊ မျက်ရည်ကျခြင်းနှင့် ဂျူးလူမျိုးတို့၏လျှို့ဝှက်ကြံစည်မှုကြောင့်ကျရောက်သော စုံစမ်းနှောင့်ယှက်ခြင်းတို့ကြားမှ သခင်ဘုရားကို အစေခံခဲ့၏။
20:20 ငါသည် သင်တို့အတွက် အကျိုးရှိမည့်အရာရှိသမျှကို တွန့်ဆုတ်ခြင်းမရှိဘဲ သင်တို့အားဖော်ပြလျက် လူအများရှေ့၌ဖြစ်စေ၊ တစ်အိမ်ပြီးတစ်အိမ်ဖြစ်စေ သွန်သင်ကာ
20:21 ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှု ကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
20:22 ယခု ငါသည် ဝိညာဉ်တော်၏နှောင်ဖွဲ့ခြင်းကိုခံရ၍ ဂျေရုဆလင်မြို့သို့ သွားနေခြင်းဖြစ်၏။ ထိုမြို့တွင် မည်သည့်အရာနှင့်ငါကြုံတွေ့ရမည်ကို ငါမသိ။
20:23 သို့သော် အချုပ်အနှောင်နှင့် ဆင်းရဲဒုက္ခများသည် ငါ့ကိုစောင့်နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က မြို့တိုင်း၌ ငါ့အားသက်သေခံတော်မူသည်ကို ငါသိ၏။
20:24 သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး ၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
20:25 ယခုမူကား နိုင်ငံတော် အကြောင်းကို သင်တို့အားလုံးအလယ်၌ လှည့်လည်ဟောပြောခဲ့သောငါ၏မျက်နှာကို သင်တို့မြင်ရတော့မည်မဟုတ်ကြောင်း ငါသိ၏။
20:26 သို့ဖြစ်၍ ငါသည် အားလုံး၏သွေးနှင့်ကင်းရှင်းကြောင်း ယနေ့ပင် သင်တို့အား ငါသက်သေခံ၏။
20:27 အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
20:28 သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
20:29 ငါထွက်ခွာသွားသည့်နောက် ကြမ်းကြုတ်သောဝံပုလွေများသည် သင်တို့အထဲသို့ဝင်လာ၍ သိုးစုကို ညှာတာလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
20:30 သင်တို့အထဲမှလည်း တပည့်တော်များကို မိမိတို့ဘက်သို့ဆွယ်ရန် ဖောက်ပြန်လမ်းလွဲသောအရာများကို ပြောဆိုသောသူအချို့တို့ ပေါ်လာကြလိမ့်မည်။
20:31 ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။
20:32 ယခု သင်တို့ကို ဘုရားသခင်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တော်၌လည်းကောင်း ငါအပ်နှံ၏။ နှုတ်ကပတ်တော်သည် သင်တို့ကို တည်ဆောက်မြှင့်တင်လျက် သန့်ရှင်းစေခြင်းခံရသောသူအပေါင်းတို့နှင့်အတူ အမွေတော်ကိုရရှိစေနိုင်စွမ်းရှိ၏။
20:33 ငါသည် မည်သူ၏ရွှေ၊ ငွေ၊ အဝတ်တန်ဆာကိုမျှ တပ်မက်ခြင်းမရှိခဲ့ပေ။
20:34 ငါသည် ဤလက်များဖြင့် ငါမှစ၍ ငါနှင့်အတူရှိသောသူတို့၏လိုအပ်ချက်များအတွက် လုပ်ဆောင်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
20:35 ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
20:36 ပေါလုသည် ဤသို့ဆိုပြီးနောက် ဒူးထောက်လျက် ထိုသူအပေါင်းတို့နှင့်အတူ ဆုတောင်းလေ၏။
20:37 သူတို့အားလုံးသည် အလွန်ငိုကြွေးလျက် ပေါလုကိုဖက်၍ နမ်းကြ၏။
20:38 အထူးသဖြင့် သူ၏မျက်နှာကို မြင်တွေ့ရတော့မည်မဟုတ်ဟု ပေါလုပြောသည့်စကားကြောင့် သူတို့သည် ဝမ်းနည်းကြေကွဲကြ၏။ ထို့နောက် သူ့ကို သင်္ဘောဆီသို့ လိုက်ပို့ကြ၏။