Acts 6
6:1 ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။
6:2 ထိုအခါ တမန်တော်တစ်ဆယ့်နှစ်ပါးတို့သည် တပည့်တော်အစုအဝေးကိုခေါ်ပြီးလျှင် “ငါတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုပစ်ထား၍ ကျွေးမွေးခြင်းအမှုကိုမဆောင်ရွက်သင့်ပေ။
6:3 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ထဲမှ ဝိညာဉ်တော် နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံ၍ ဂုဏ်သတင်းကောင်းသောလူခုနစ်ဦးကို ရှာကြလော့။ ငါတို့သည် ထိုသူတို့ကို ဤတာဝန်အတွက်ခန့်ထားမည်။
6:4 ငါတို့မူကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်”ဟု ဆိုကြ၏။
6:5 ထိုစကားကို အစုအဝေးတစ်ခုလုံးနှစ်သက်သဖြင့် သူတို့သည် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှဂျူးဘာသာဝင်ဖြစ်လာသူ နိကောလတို့ကို ရွေးကောက်ပြီး
6:6 သူတို့ကို တမန်တော်တို့ရှေ့၌ရပ်စေကြ၏။ ထိုအခါ တမန်တော်တို့သည် ဆုတောင်းလျက် သူတို့အပေါ်လက်တင်ကြ၏။
6:7 ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
6:8 သတေဖန်သည် ကျေးဇူးတော် နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်ဝလျက် ကြီးစွာသောနိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လူတို့ရှေ့တွင်ပြုလေ၏။
6:9 ထိုအခါ “လိဗေရတိန် ”ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်း မှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
6:10 သို့သော် ဝိညာဉ်တော်နှင့်ဉာဏ်ပညာတို့ဖြင့် သတေဖန်ပြောဆိုသောအရာကို သူတို့သည် အတိုက်အခံပြောဆို၍မရနိုင်ကြချေ။
6:11 ထိုအခါ သူတို့သည် လူတို့ကိုသွေးထိုးပေး၍ “ဤသူသည် မောရှေနှင့်ဘုရားသခင်အား စော်ကားသည့်စကားများပြောဆိုနေသည်ကို ငါတို့ကြားရသည်”ဟု ဆိုစေကြ၏။
6:12 ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုများကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
6:13 ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
6:14 အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။
6:15 တရားလွှတ်တော်၌ ထိုင်နေသောသူအပေါင်းတို့သည် သတေဖန်ကို စေ့စေ့ကြည့်လျှင် သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ဖြစ်သည်ကို တွေ့မြင်ရကြ၏။