Acts 5
5:1 သို့သော် အာနနိအမည်ရှိသောလူတစ်ဦးသည် သူ၏ဇနီး ရှဖိရေနှင့်အတူ ဥစ္စာပစ္စည်းကိုရောင်းပြီးလျှင်
5:2 ဇနီးသည်နှင့်သဘောတူလျက် အဖိုးငွေထဲမှအချို့ကို ထိမ်ချန်ထားကာ အချို့သောငွေကိုသာယူဆောင်လာ၍ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။
5:3 ထိုအခါ ပေတရုက “အာနနိ၊ သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးကိုအုပ်စိုးခွင့်ပေး၍ သန့်ရှင်းသောဝိညာဉ်တော်ကိုလိမ်ညာကာ မြေဖိုးထဲမှအချို့ကို ထိမ်ချန်ထားသနည်း။
5:4 ထိုမြေသည် သင့်လက်ထဲ၌ရှိစဉ် သင်ပိုင်သည်မဟုတ်လော။ ရောင်းပြီးသောအခါ၌လည်း ရရှိသောငွေကို သင်အလိုရှိသည့်အတိုင်း ပြုနိုင်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင့်စိတ်နှလုံးထဲ၌ ဤအမှုကို အဘယ်ကြောင့်ကြံစည်ရသနည်း။ သင်သည် လူကိုလိမ်ညာသည်မဟုတ်ဘဲ ဘုရားသခင်ကိုလိမ်ညာလေပြီ”ဟု ဆို၏။
5:5 အာနနိသည် ထိုစကားတို့ကိုကြားလျှင် လဲ၍သေဆုံးလေ၏။ ထိုအခြင်းအရာကို ကြားရသောသူအားလုံးတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။
5:6 ထို့နောက် လူငယ်တို့သည်ဝင်လာ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်ရစ်ပြီးလျှင် သယ်ဆောင်သွားလျက် သင်္ဂြိုဟ်ကြလေ၏။
5:7 သုံးနာရီခန့်ကြာသောအခါ အာနနိ၏ဇနီးသည် ဖြစ်ပျက်ခဲ့သောအကြောင်းအရာကိုမသိဘဲ ဝင်လာ၏။
5:8 ထိုအခါ ပေတရုက သူ့အား “သင်တို့သည် ထိုမြေကွက်ကို ဤမျှနှင့်ရောင်းခဲ့သည်မှာ ဟုတ်၊ မဟုတ် ငါ့အားပြောလော့”ဟု မေးလေသော် သူက “ဟုတ်ပါ၏။ ဤမျှနှင့်ရောင်းခဲ့ပါ၏”ဟု ဆို၏။
5:9 ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
5:10 ထိုခဏချင်းတွင် သူသည် ပေတရု၏ခြေရင်း၌ လဲ၍သေဆုံးလေ၏။ လူငယ်များသည်လည်း ဝင်လာ၍ သေဆုံးနေသောထိုအမျိုးသမီးကိုတွေ့လျှင် သယ်ဆောင်သွားကာ သူ၏ခင်ပွန်းအနား၌ သင်္ဂြိုဟ်ကြ၏။
5:11 အသင်းတော်တစ်ခုလုံးမှစ၍ ထိုအကြောင်းကိုကြားရသောသူရှိသမျှတို့သည် အလွန်ကြောက်ရွံ့သွားကြ၏။
5:12 တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။
5:13 အခြားသောသူတို့မူကား သူတို့နှင့်အတူ မပေါင်းဖော်ဝံ့ကြချေ။ သို့သော် လူတို့သည် သူတို့ကိုချီးမွမ်းကြ၏။
5:14 သခင်ဘုရားကိုယုံကြည်သူ အမျိုးသား၊ အမျိုးသမီးအမြောက်အမြားတို့သည်လည်း ပို၍တိုးပွားလာကြ၏။
5:15 လူတို့သည် နာမကျန်းဖြစ်သူများကို လမ်းမပေါ်သို့သယ်ဆောင်လာ၍ ခုတင်များနှင့် အိပ်ရာများပေါ်တွင် ထားကြကာ ပေတရုလာသောအခါ သူ၏အရိပ်ကိုပင် ထိုလူနာအချို့တို့အပေါ်သို့ကျရောက်စေရန် ကြိုးစားကြ၏။
5:16 ဂျေရုဆလင်မြို့ပတ်ဝန်းကျင်ရှိ မြို့များမှ များစွာသောလူတို့သည်လည်း နာမကျန်းဖြစ်သူများနှင့် ညစ်ညူးသောနတ်တို့၏ပူးဝင်နှောင့်ယှက်ခြင်းခံရသူများကို ခေါ်ဆောင်လာ၍ စုဝေးလာကြရာ ထိုသူအပေါင်းတို့သည် အကောင်းပကတိဖြစ်လာကြ၏။
5:17 ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ သူ၏အပေါင်းအဖော်များဖြစ်ကြသော ဇဒ္ဒုကဲဂိုဏ်းဝင်သူအားလုံးတို့သည် မနာလိုစိတ်နှင့်ပြည့်ကြ၍ ထလျက်
5:18 တမန်တော်တို့ကိုဖမ်းဆီးကာ ပြည်သူ့အချုပ်ထောင်ထဲ၌ ထည့်ထားကြ၏။
5:19 သို့သော် ညအခါတွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးများကိုဖွင့်၍ တမန်တော်တို့ကိုခေါ်ထုတ်ပြီးလျှင်
5:20 “သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။
5:21 တမန်တော်တို့သည်လည်းကြားလျှင် အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ရောက်လာကြသောအခါ တရားလွှတ်တော်နှင့် အစ္စရေးအမျိုးသားတို့၏လူကြီးအဖွဲ့အားလုံးတို့ကို စုရုံးစေပြီးလျှင် တမန်တော်တို့ကိုခေါ်လာရန် အစောင့်တပ်သားတို့ကို ထောင်ခန်းသို့စေလွှတ်လိုက်ကြ၏။
5:22 သို့သော် အစောင့်တပ်သားတို့သည် ရောက်သွားသောအခါ တမန်တော်တို့ကို ထောင်ထဲ၌မတွေ့ရချေ။ ထိုအခါ သူတို့သည်ပြန်လာ၍
5:23 “ထောင်ခန်းကို မြဲမြံလုံခြုံစွာပိတ်ထားလျက် အစောင့်များလည်း တံခါးရှေ့၌ရပ်နေကြသည်ကို အကျွန်ုပ်တို့တွေ့ရပါ၏။ သို့သော် ဖွင့်ကြည့်လိုက်သောအခါ အထဲ၌ မည်သူ့ကိုမျှမတွေ့ရပါ”ဟု သတင်းပို့ကြ၏။
5:24 ဗိမာန်တော်အစောင့်တပ်မှူးနှင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုစကားကိုကြားလျှင် ဤအမှုသည် မည်သို့ဖြစ်လိမ့်မည်နည်းဟု တမန်တော်တို့နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်ကြလေ၏။
5:25 ထိုအချိန်တွင် လူတစ်ဦးသည်ရောက်လာ၍ “ထောင်ထဲ၌ သင်တို့ချထားသောသူတို့သည် ဗိမာန်တော်ထဲ၌ရပ်လျက် လူတို့ကို သွန်သင်နေကြပါသည်”ဟု သတင်းပို့လေ၏။
5:26 ထိုအခါ ဗိမာန်တော်အစောင့်တပ်မှူးသည် အစောင့်တပ်သားများနှင့်အတူသွား၍ တမန်တော်တို့ကိုခေါ်ဆောင်လာကြ၏။ သို့သော် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်သတ်ကြမည်ကိုစိုးရိမ်သဖြင့် အနိုင်အထက်မပြုဘဲ
5:27 သူတို့ကိုခေါ်ဆောင်လာကြ၏။ တမန်တော်တို့သည် တရားလွှတ်တော်ရှေ့၌ရပ်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက
5:28 “ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။
5:29 သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
5:30 ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သစ်တိုင်ပေါ်၌ သင်တို့ဆွဲထား၍ ကွပ်မျက်ခဲ့သောယေရှုကို ထမြောက်စေတော်မူ၏။
5:31 ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။
5:32 ငါတို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ဘုရားသခင်သည် မိမိစကားကိုနားထောင်သောသူတို့အား ပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏”ဟု ပြန်ဖြေကြ၏။
5:33 သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
5:34 သို့သော် လူအားလုံးက ရိုသေလေးစားသောကျမ်းတတ်ဆရာဖြစ်သည့် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်၌ထ၍ တမန်တော်တို့ကို အပြင်သို့ခဏခေါ်ထုတ်သွားရန် အမိန့်ပေးပြီးလျှင်
5:35 “အစ္စရေးအမျိုးသားတို့၊ ဤသူတို့အပေါ်မည်သို့ပြုမည်ကို သင်တို့သတိထားကြလော့။
5:36 အကြောင်းမူကား တစ်ခါက သုဒသည်ပေါ်လာ၍ မိမိကိုယ်ကိုအရေးပါသူဖြစ်သည်ဟုဆိုသဖြင့် အရေအတွက်အားဖြင့် လေးရာခန့်ရှိသောသူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။ သို့သော် သူသည် အသတ်ခံရပြီး သူ့နောက်သို့လိုက်သောသူအားလုံးတို့သည် တကွဲတပြားဖြစ်ကြလျက် မည်သို့မျှအရာမထင်ခဲ့ချေ။
5:37 ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲနယ်သား ယုဒသည်ပေါ်လာ၍ မိမိနောက်သို့လိုက်ကြရန် လူတို့ကိုသွေးဆောင်ခဲ့၏။ သူသည်လည်း အသတ်ခံရ၍ သူ့နောက်သို့လိုက်သောသူအားလုံးတို့သည်လည်း ကွဲလွင့်သွားကြ၏။
5:38 သို့ဖြစ်၍ ယခု သင်တို့အား ငါပြောမည်။ ဤသူတို့နှင့် ကင်းရှင်းစွာနေ၍ သူတို့ကိုလွှတ်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ဤအကြံအစည်၊ သို့မဟုတ် ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်လျှင် ပျက်စီးသွားလိမ့်မည်။
5:39 သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
5:40 ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။
5:41 တမန်တော်တို့သည် နာမတော် အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
5:42 ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။