Romans 10
10:1 ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။
10:2 သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
10:3 အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
10:4 ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။
10:5 မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်” ဟု ရေးထား၏။
10:6 ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းမူကား “သင်၏စိတ်နှလုံးထဲ၌ ကောင်းကင်သို့ မည်သူတက်မည်နည်းဟု မပြောနှင့်။ (ဤသည်ကား ခရစ်တော်ကို အောက်သို့ခေါ်ဆောင်လာခြင်းဖြစ်၏။)
10:7 သို့မဟုတ် အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ မည်သူဆင်းမည်နည်းဟူ၍လည်း မပြောနှင့် (ဤသည်ကား ခရစ်တော်ကို သေသောသူတို့ထဲမှ ခေါ်ထုတ်ခြင်းဖြစ်၏)”ဟု ဆိုထား၏။
10:8 ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏” ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
10:9 သင်သည် မိမိနှုတ်ဖြင့် ယေရှုသည် အရှင်သခင်ဖြစ်ကြောင်းဝန်ခံ၍ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သူ့ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူပြီဟု ယုံကြည်လျှင် ကယ်တင်ခြင်းခံရမည်။
10:10 အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။
10:11 အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက် ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်” ဟု ဆိုထား၏။
10:12 ဤတွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကြား၌ ခြားနားမှုမရှိ။ အကြောင်းမူကား တစ်ပါးတည်းသောအရှင်သည် လူအပေါင်းတို့၏အရှင်ဖြစ်တော်မူပြီး ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့အား ကြွယ်ဝစေတော်မူ၏။
10:13 “ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုသောသူတိုင်း ကယ်တင်ခြင်းခံရမည်” ဖြစ်၏။
10:14 သို့ရာတွင် မိမိမယုံကြည်သောအရှင်ထံ မည်သို့ပတ္ထနာပြုနိုင်မည်နည်း။ မိမိမကြားဖူးသောအရှင်ကို မည်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် မည်သို့ကြားနိုင်မည်နည်း။
10:15 စေလွှတ်ခြင်းမခံရလျှင် မည်သို့ဟောပြောနိုင်မည်နည်း။ “ကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ဖွယ်သတင်း ကိုဟောပြောသောသူများ၏ခြေတို့သည် အလွန်တင့်တယ်စွတကား” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
10:16 သို့သော် ဤကောင်းမြတ်သောသတင်းကို သူတို့အားလုံးနာခံကြသည်မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း” ဟု ဆိုထား၏။
10:17 သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏ စကားတော်အားဖြင့်ဖြစ်၏။
10:18 သို့သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ “သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ”
10:19 တစ်ဖန် ငါမေးလိုသည်မှာ အစ္စရေးလူမျိုးတို့သည် မသိကြသလော။ ပထမဦးစွာ မောရှေက “ငါသည် မပြောပလောက်သောလူမျိုးအားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ အသိတရားကင်းမဲ့သောလူမျိုးအားဖြင့် သင်တို့ကို မခံမရပ်နိုင်ဖြစ်စေမည်” ဟု ဆို၏။
10:20 ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏” ဟု ရဲရင့်စွာဆိုထား၏။
10:21 အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏” ဟု ဆို၏။