Romans 9
9:1 ငါသည် ခရစ်တော်၌ မုသားမပါ ဟုတ်မှန်ရာကိုပြောမည်။ ငါ၏အသိစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါနှင့်အတူသက်သေခံလျက်နေသည့်အကြောင်းကား
9:2 ငါ၌အလွန်ဝမ်းနည်းခြင်းရှိ၍ ငါ၏စိတ်နှလုံးထဲတွင် အမြဲမပြတ်ပူပန်ခြင်းဝေဒနာရှိ၏။
9:3 အမှန်စင်စစ် သွေးသားဇာတိအားဖြင့် ငါ၏အမျိုးသားချင်းများဖြစ်ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါကိုယ်တိုင် ခရစ်တော်နှင့်ကွဲကွာလျက် ကျိန်ခြင်းကိုပင် ခံလိုသောဆန္ဒရှိ၏။
9:4 သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
9:5 ရှေးဘိုးဘေးတို့သည် သူတို့နှင့်ဆက်နွှယ်ကြ၍ ခရစ်တော်သည်လည်း လူသားအနေဖြင့် သူတို့ထဲမှပေါ်ထွန်းတော်မူ၏။ ထိုအရှင်သည် အရာခပ်သိမ်းတို့အထက်၌ရှိ၍ ကာလအစဉ်အဆက်မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင် ။
9:6 မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပျက်ပြယ်သွားသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးအနွယ်ဝင်အားလုံးသည် အစ္စရေးလူမျိုးမဟုတ်။
9:7 အာဗြဟံ၏အမျိုးအနွယ်ဖြစ်သောကြောင့် အားလုံးသည် သားသမီးများဖြစ်ကြသည်မဟုတ်။ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်” ဟု အမိန့်တော်ရှိ၏။
9:8 ဆိုလိုသည်ကား သွေးသားနှင့်ဆိုင်သောသားသမီးများသည် ဘုရားသခင်၏သားသမီးများမဟုတ်ဘဲ ကတိတော်နှင့်ဆိုင်သောသားသမီးများသာလျှင် အမျိုးအနွယ်အဖြစ်သတ်မှတ်ခြင်းခံရ၏။
9:9 အဘယ်ကြောင့်ဆိုသော် ကတိတော်စကားမှာ “ဤသို့သောအချိန်အခါတွင် ငါလာခဲ့ဦးမည်။ စာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်” ဟူ၍ ဖြစ်၏။
9:10 ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ
9:11 သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန်
9:12 “အကြီးသည် အငယ်ကို အစေခံရလိမ့်မည်” ဟု ရေဗက္ကာအား မိန့်တော်မူ၏။
9:13 “ယာကုပ်ကို ငါချစ်၏။ ဧသောကိုမူကား ငါမုန်း၏” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
9:14 သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဘုရားသခင်၌ မတရားမှုရှိသလော။ လုံးဝမရှိပေ။
9:15 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မောရှေအား “ငါသည် သနားလိုသောသူကိုသနား၍ သက်ညှာလိုသောသူကို သက်ညှာမည်” ဟု မိန့်တော်မူ၏။
9:16 ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှု အပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။
9:17 အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏” ဟု ဆိုထား၏။
9:18 ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
9:19 ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ မည်သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ငါ့အား မေးမြန်းလိမ့်မည်။
9:20 သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
9:21 အိုးထိန်းသည်သည် ရွှံ့စေးတစ်ပုံတည်းထဲမှ အသရေရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း၊ အသရေမရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း လုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။
9:22 သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။
9:23 ထို့ပြင် ဘုန်းအသရေအတွက်ကြိုတင်ပြင်ဆင်ထားသော ကရုဏာတော်ဆိုင်ရာအိုးခွက်များ၌ မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုကို သိစေရန်ပြုတော်မူလျှင် မည်သို့နည်း။
9:24 ဘုရားသခင်သည် ငါတို့ကို ထိုကရုဏာတော်ဆိုင်ရာအိုးခွက်များအဖြစ် ဂျူးလူမျိုးတို့ထဲမှသာမကဘဲ လူမျိုးခြားတို့ထဲမှလည်း ခေါ်ယူထားတော်မူ၏။
9:25 ဟောရှေကျမ်း၌ “ငါ၏လူမျိုးမဟုတ်သောသူကို ‘ငါ၏လူမျိုး’ဟူ၍လည်းကောင်း၊ မချစ်သောသူကို ‘ချစ်သောသူ’ဟူ၍လည်းကောင်း ငါခေါ်မည်။
9:26 ‘သင်တို့သည် ငါ၏လူမျိုးမဟုတ်’ဟု သူတို့အားမိန့်ဆိုထားသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ဟူ၍ ခေါ်ဝေါ်ခြင်းခံရကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။
9:27 ဟေရှာယကလည်း အစ္စရေးလူမျိုးနှင့်ပတ်သက်၍ “အစ္စရေးအမျိုးသားတို့၏အရေအတွက်သည် ပင်လယ်သဲပွင့်များနှင့်အမျှရှိသော်လည်း ကျန်ရစ်သောသူမျှသာ ကယ်တင်ခြင်းခံရလိမ့်မည်။
9:28 အကြောင်းမူကား ထာဝရဘုရားသည် မိန့်တော်မူသောအရာကို မြေကြီးပေါ်၌ပြည့်စုံစေ၍ မဆိုင်းမတွ ပြုလုပ်တော်မူလိမ့်မည်” ဟု ကြွေးကြော်၏။
9:29 ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့အတွက် အမျိုးအနွယ်ကိုချန်ထားတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်ခဲ့၍ ဂေါမောရမြို့နှင့်တူခဲ့ကြပေလိမ့်မည်” ဟု ကြိုတင်ပြောထားသည့်အတိုင်းဖြစ်၏။
9:30 သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။
9:31 သို့ရာတွင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့်တရားကို ရရှိရန်ကြိုးစားသောအစ္စရေးလူမျိုးတို့သည် ထိုတရား သို့မပေါက်ရောက်ကြ။
9:32 အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့် အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။
9:33 ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။