Romans 13
13:1 အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။
13:2 ထို့ကြောင့် အာဏာပိုင်ကိုဆန့်ကျင်သောသူသည် ဘုရားသခင်၏ပြဋ္ဌာန်းတော်မူချက်ကို ဆန့်ကျင်ရာရောက်၏။ ထိုသို့ဆန့်ကျင်သောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ကိုယ်တိုင်ခံရကြလိမ့်မည်။
13:3 အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူများသည် ကောင်းသောအမှုကိုပြုသောသူအတွက် ကြောက်စရာမဟုတ်ဘဲ မကောင်းသောအမှုကိုပြုသောသူအတွက်သာ ကြောက်စရာဖြစ်၏။ သင်သည် အာဏာပိုင်ကိုမကြောက်ဘဲနေလိုလျှင် ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သူ၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်။
13:4 အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။
13:5 သို့ဖြစ်၍ အမျက်တော်ကြောင့်သာမဟုတ်ဘဲ အသိစိတ်အတွက်ကြောင့်လည်း နာခံရမည်။
13:6 ဤအကြောင်းကြောင့် အခွန်များကိုလည်း သင်တို့ပေးဆောင်ကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှုကိုထမ်းဆောင်သူများဖြစ်ကြပြီး ထိုအမှုကို အစဉ်တစိုက်ဆောင်ရွက်နေကြ၏။
13:7 သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။
13:8 အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။
13:9 အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ ၊ တပ်မက်သောစိတ်မရှိရ” ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။
13:10 ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။
13:11 သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏။
13:12 ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။
13:13 အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။
13:14 သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။