Romans 14
14:1 ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။
14:2 အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာစား၏။
14:3 စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။
14:4 သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရား သည် သူ့ကိုရပ်စေနိုင်တော်မူ၏။
14:5 အချို့သောသူသည် နေ့ရက်တစ်ရက်ကို အခြားနေ့ရက်ထက် ပို၍မြတ်သည်ဟုယူဆ၏။ အချို့မူကား နေ့ရက်အားလုံးအတူတူဖြစ်သည်ဟုယူဆ၏။ လူတိုင်း မိမိတို့ယူဆထားသောအရာအပေါ် စိတ်နှလုံးထဲ၌ အပြည့်အဝယုံကြည်ပါစေ။
14:6 နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏ ။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။
14:7 ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ။
14:8 အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက်အသက်ရှင်၍ သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။
14:9 အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် သေလွန်သောသူတို့နှင့်အသက်ရှင်သောသူတို့၏အရှင်သခင်ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင် တော်မူ၏။
14:10 သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏ တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
14:11 အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ် သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်” ဟု ကျမ်းစာ၌ရေးထား၏။
14:12 သို့ဖြစ်၍ ငါတို့တစ်ဦးစီသည် ဘုရားသခင်ရှေ့တော်၌ မိမိအကြောင်းကို မိမိဖြေရှင်းရလိမ့်မည်။
14:13 ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။
14:14 ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်။
14:15 အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
14:16 သင်တို့အတွက်ကောင်းသောအရာကိုလည်း ပြစ်တင်ပြောဆိုစရာမဖြစ်စေကြနှင့်။
14:17 အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
14:18 ထို့ကြောင့် ဤနည်းဖြင့် ခရစ်တော်ကိုအစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပြီး လူတို့ရှေ့၌ ယုံကြည်စိတ်ချရသူဖြစ်၏။
14:19 သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
14:20 အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။
14:21 အသားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ်တိုက်စေသောအရာ ကိုလည်း မပြုဘဲနေလျှင် ကောင်း၏။
14:22 သင်သည် မိမိ၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တော်၌သာရှိစေလော့။ မှန်သည်ဟုလက်ခံထားသောအမှုအရာ၌ မိမိ၏ဩတ္တပ္ပစိတ်ကြည်လင်သောသူသည် မင်္ဂလာရှိ၏။
14:23 သို့သော် သံသယရှိသောစိတ်နှင့်စားလျှင် ယုံကြည်ခြင်းအားဖြင့်မဟုတ်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရ၏။ ယုံကြည်ခြင်းအားဖြင့်မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏။