2 Corinthians 3
3:1 ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
3:2 သင်တို့ကိုယ်တိုင်သည် ငါတို့စိတ်နှလုံးထဲ၌ရေးထားသည့် လူတိုင်းဖတ်ရှုလျက်သိရှိသော ငါတို့၏စာဖြစ်ကြ၏။
3:3 သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။
3:4 ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်အားဖြင့် ထိုသို့သောယုံကြည်စိတ်ချမှုရှိကြ၏။
3:5 ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
3:6 ဘုရားသခင်သည် ငါတို့အား ပဋိညာဉ်သစ်၏အမှုကိုဆောင်ရွက်နိုင်သောအစွမ်းအစကိုပေးတော်မူ၏။ ထိုပဋိညာဉ်သစ်သည် အက္ခရာတင်ထားသောတရားနှင့်မဆိုင်၊ ဝိညာဉ်တော်နှင့်သာဆိုင်၏။ အကြောင်းမူကား အက္ခရာတင်ထားသောတရားသည် အသက်ကိုသေစေ၍ ဝိညာဉ်တော်မူကား အသက်ကိုရရှိစေ၏။
3:7 ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင်
3:8 ဝိညာဉ်တော်နှင့်ဆိုင်သောအမှုသည် မည်မျှပို၍ ဘုန်းအသရေနှင့်ပြည့်စုံလိမ့်မည်နည်း။
3:9 အကြောင်းမူကား အပြစ်ကိုထင်ရှားစေသည့်အမှု၌ ဘုန်းအသရေရှိလျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမှုသည် သာ၍ကြီးမားသောဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။
3:10 အမှန်စင်စစ် ယခင်က ဘုန်းအသရေရှိသောအရာသည် ဤနေရာ၌ ထူးကဲသောဘုန်းအသရေကြောင့် ဘုန်းအသရေမဲ့သွားရ၏။
3:11 မှေးမှိန်သွားသောအရာ၌ ဘုန်းအသရေရှိလျှင် တည်မြဲသောအရာ၌ သာ၍ကြီးမားသောဘုန်းအသရေရှိလိမ့်မည်။
3:12 ငါတို့သည် ဤသို့သောမျှော်လင့်ခြင်းရှိသည်ဖြစ်၍ အလွန်ရဲရင့်စွာဖြင့်ပြုမူလျက်
3:13 မောရှေသည် မှေးမှိန်သွားသောအရာ၏အဆုံးကို အစ္စရေးအမျိုးသားတို့အား စေ့စေ့မကြည့်ရစေရန် မိမိမျက်နှာကို မျက်နှာလွှားဖြင့်ဖုံးအုပ်ထားသကဲ့သို့ ငါတို့မပြုကြချေ။
3:14 ထိုသူတို့၏စိတ်နှလုံးသည် မာကျောလျက်ရှိ၍ ယနေ့တိုင်အောင် ပဋိညာဉ်ဟောင်းကိုဖတ်သောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းမခံရဘဲ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာ ထိုမျက်နှာလွှားကို ဖယ်ရှားနိုင်၏။
3:15 ယနေ့တိုင်အောင် မောရှေ၏ကျမ်းများကိုဖတ်သည့်အခါတိုင်း ထိုသူတို့၏စိတ်နှလုံးပေါ်တွင် ထိုမျက်နှာလွှားသည် ဖုံးအုပ်လျက်ရှိ၏။
3:16 သို့သော် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းခံရ၏။
3:17 သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်၏။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။
3:18 ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။