2 Corinthians 4
4:1 ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
4:2 ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
4:3 ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးခြင်းသို့ရောက်သောသူတို့၌သာ ဖုံးအုပ်ခြင်းခံရ၏။
4:4 ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
4:5 အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
4:6 “အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
4:7 သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
4:8 ငါတို့သည် အဘက်ဘက်မှနှိပ်စက်ခြင်းခံရသော်လည်း ချေမှုန်းခြင်းမခံရ။ တွေးမရဖြစ်သော်လည်း မျှော်လင့်ချက်ကင်းမဲ့သည်ဟူ၍မရှိ။
4:9 ညှဉ်းဆဲခြင်းကိုခံရသော်လည်း စွန့်ပစ်ခြင်းကိုမခံရ။ အလဲထိုးခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။
4:10 ယေရှု၏ အသက်ရှင်တော်မူခြင်းသည် ငါတို့၏ကိုယ်ခန္ဓာ၌ ထင်ရှားမည့်အကြောင်း ယေရှု၏အသေခံတော်မူခြင်းကို ငါတို့ကိုယ်ခန္ဓာ၌ အစဉ်ဆောင်ထားကြ၏။
4:11 ယေရှု၏အသက်ရှင်တော်မူခြင်းသည် သေတတ်သောငါတို့၏ကိုယ်ကာယ၌ ထင်ရှားမည့်အကြောင်း အသက်ရှင်လျက်ရှိသောငါတို့သည် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်မပြတ်အပ်နှံခြင်းကိုခံရကြ၏။
4:12 ဤသို့ဖြင့် သေခြင်းသည် ငါတို့၌အလုပ်လုပ်လျက်နေ၍ အသက်ရှင်ခြင်းသည် သင်တို့၌အလုပ်လုပ်လျက်နေ၏။
4:13 “ငါယုံကြည်သောကြောင့် ငါဟောပြော၏” ဟု ရေးထားသည့်အတိုင်း ထိုယုံကြည်ခြင်းနှင့်ဆိုင်သောဝိညာဉ်တော်ကို ငါတို့ရရှိကြသည်ဖြစ်၍ ငါတို့သည်လည်း ယုံကြည်သောကြောင့် ဟောပြောကြ၏။
4:14 အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူ ထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
4:15 ခပ်သိမ်းသောအရာတို့သည် သင်တို့အတွက်ဖြစ်၏။ ဤသည်ကား များစွာသောသူတို့၌ ကျေးဇူးတော်သည်တိုးပွားလာသဖြင့် ဘုရားသခင်၏ဘုန်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ကြွယ်ဝပြည့်စုံစေမည့်အကြောင်းတည်း။
4:16 ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
4:17 အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။
4:18 ထို့ကြောင့် ငါတို့သည် မြင်ရသောအရာတို့ကို အာရုံမစိုက်ဘဲ မမြင်ရသောအရာတို့ကို အာရုံစိုက်ကြ၏။ အကြောင်းမူကား မြင်ရသောအရာတို့သည် ခဏသာတည်၍ မမြင်ရသောအရာတို့သည် ထာဝရတည်၏။