2 Corinthians 6
6:1 ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
6:2 အကြောင်းမူကား ကိုယ်တော်က “ငါသည် နှစ်သက်လက်ခံဖွယ်ရာအချိန်၌ သင်၏စကားကိုနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုကူညီမစပြီ” ဟု မိန့်တော်မူ၏။ ကြည့်ရှုလော့။ ယခုပင် နှစ်သက်လက်ခံဖွယ်ရာအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။
6:3 အမှုတော်လုပ်ငန်းသည် ပြစ်တင်ဝေဖန်ခြင်းမခံရစေရန် ငါတို့သည် မည်သည့်အမှုအရာ၌မျှ လူတို့အတွက် ခလုတ်တံသင်းမဖြစ်စေဘဲ
6:4 အလွန်သည်းခံခြင်း၌ဖြစ်စေ၊ ဒုက္ခဆင်းရဲခြင်း၌ဖြစ်စေ၊ ခက်ခဲကျပ်တည်းခြင်း၌ဖြစ်စေ၊ နာကျင်ခြင်းဝေဒနာ၌ဖြစ်စေ၊
6:5 ရိုက်နှက်ခံရခြင်း၌ဖြစ်စေ၊ အကျဉ်းချခံရခြင်း၌ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း၌ဖြစ်စေ၊ ကြိုးပမ်းအားထုတ်ခြင်း၌ဖြစ်စေ၊ အိပ်ရေးပျက်ခြင်း၌ဖြစ်စေ၊ အစာပြတ်လပ်ခြင်း၌ဖြစ်စေ၊
6:6 ဖြူစင်ခြင်း၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ စိတ်ရှည်ခြင်း၌ဖြစ်စေ၊ ကျေးဇူးပြုခြင်း၌ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၌ဖြစ်စေ၊ ဟန်ဆောင်မှုကင်းသောမေတ္တာ၌ဖြစ်စေ၊
6:7 သမ္မာတရားကိုဟောပြောခြင်း၌ဖြစ်စေ၊ ဘုရားသခင်၏တန်ခိုးတော်၌ဖြစ်စေ၊ လက်ဝဲလက်ယာ၌ကိုင်ထားသော ဖြောင့်မတ်ခြင်း၏လက်နက်များအားဖြင့်ဖြစ်စေ၊
6:8 အသရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဂုဏ်သတင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ အရာရာ၌ မိမိတို့ကိုယ်ကိုဘုရားသခင်၏အစေခံများအဖြစ် ထင်ရှားစေကြ၏။ ငါတို့သည် လှည့်ဖြားသောသူကဲ့သို့ဖြစ်သော်လည်း ဖြောင့်မှန်သောသူဖြစ်ကြ၏။
6:9 အသိအမှတ်ပြုခြင်းမခံရသကဲ့သို့ဖြစ်သော်လည်း အသိအမှတ်ပြုခြင်းခံရကြ၏။ သေအံ့ဆဲဆဲဖြစ်နေသူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်လျက်ရှိကြ၏။ ဆုံးမခြင်းကိုခံရသောသူကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။
6:10 ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
6:11 ကောရိန်သုမြို့သားတို့၊ ငါတို့သည် သင်တို့အား ပွင့်ပွင့်လင်းလင်းပြောဆို၍ ငါတို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားလေပြီ။
6:12 ငါတို့သည် ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ သင်တို့၏ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။
6:13 သို့ဖြစ်၍ သင်တို့သည်လည်း တုံ့ပြန်သောအားဖြင့် သင်တို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားကြလော့ဟု ကိုယ့်သားသမီးများအားပြောသကဲ့သို့ ငါပြော၏။
6:14 မယုံကြည်သောသူတို့နှင့် မညီသောထမ်းပိုးကိုမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းနှင့်တရားမဲ့ခြင်းတို့အကြား၌ မည်သို့သောပတ်သက်မှုရှိသနည်း။ အလင်းနှင့်အမှောင်တို့အကြား၌ မည်သို့သောမိတ်သဟာယဖွဲ့ခြင်းရှိသနည်း။
6:15 ခရစ်တော်နှင့်ဗေလျာလတို့အကြား၌ မည်သို့သောကိုက်ညီမှုရှိသနည်း။ ယုံကြည်သူနှင့်မယုံကြည်သူတို့အကြား၌ မည်သို့သောအကျိုးတူခံစားမှုရှိသနည်း။
6:16 ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
6:17 “ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
6:18 သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။