2 Corinthians 5
5:1 ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
5:2 ငါတို့သည် ကောင်းကင်မှ ငါတို့၏စံအိမ်ကိုလွှမ်းခြုံရရန် တောင့်တ၍ ဤတဲတွင်ညည်းတွားကြ၏။
5:3 ထိုသို့လွှမ်းခြုံရလျှင် ငါတို့သည် အဝတ်မပါအချည်းစည်းဖြစ်ကြလိမ့်မည်မဟုတ်။
5:4 အကြောင်းမူကား ငါတို့သည် ဤယာယီတဲတွင်ရှိနေစဉ် လေးလံသောဝန်ကိုထမ်း၍ ညည်းတွားကြ၏။ ထိုသို့ညည်းတွားကြခြင်းမှာ ထိုတဲကိုချွတ်ပယ်လို၍မဟုတ်ဘဲ ၎င်းအပေါ်၌လွှမ်းခြုံလို၍သာဖြစ်ပြီး ထိုသို့အားဖြင့် သေတတ်သောအရာသည် အသက်ရှင်ခြင်းထဲတွင် နစ်မြုပ်စေခြင်းခံရရန်ဖြစ်၏။
5:5 ဤအမှုအရာအတွက် ငါတို့ကိုပြင်ဆင်ပေးတော်မူသောအရှင်ကား ဝိညာဉ်တော်ကို စရန်အဖြစ် ငါတို့အားပေးတော်မူသော ဘုရားသခင်ပေတည်း။
5:6 ထို့ကြောင့် ငါတို့သည် အစဉ်အမြဲယုံကြည်စိတ်ချမှုရှိကြ၏။ ဤကိုယ်ခန္ဓာ၌ ငါတို့ရှိနေသရွေ့ သခင်ဘုရားနှင့်ဝေးကွာလျက်ရှိကြောင်းကိုလည်း ငါတို့သိကြ၏။
5:7 အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လျှောက်လှမ်းကြ၏။
5:8 ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။
5:9 သို့ဖြစ်၍ ငါတို့သည် ကိုယ်ခန္ဓာ၌ရှိသည်ဖြစ်စေ၊ ဝေးကွာလျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှစ်သက်တော်မူသောသူဖြစ်မည့်အကြောင်း ရည်မှန်းကြိုးစားကြ၏။
5:10 အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
5:11 ထို့ကြောင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်ပတ်သက်သည့်အကြောင်းကို ငါတို့သိသဖြင့် လူတို့ကိုစည်းရုံးကြ၏။ ငါတို့အကြောင်းသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှားပြီဖြစ်၍ သင်တို့၏အသိစိတ်၌လည်း ထင်ရှားပြီဟု ငါမျှော်လင့်၏။
5:12 ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်တို့ရှေ့၌ ထောက်ခံချီးကျူးနေကြသည်မဟုတ်။ သို့သော် စိတ်နှလုံးကိုမကြည့်ဘဲ အပြင်သဏ္ဌာန်ကိုသာကြည့်၍ ဝါကြွားတတ်သောသူတို့၏စကားကို သင်တို့ပြန်လည်ချေပနိုင်ရန် ငါတို့နှင့်ပတ်သက်၍ ဝါကြွားရသောအခွင့်ကို သင်တို့အားပေးလိုက်ခြင်းသာဖြစ်၏။
5:13 အကြောင်းမူကား ငါတို့သည် စိတ်ဖောက်ပြန်နေသည်ဆိုလျှင် ဘုရားသခင်အတွက်ဖြစ်၍ ပကတိစိတ်ရှိလျှင် သင်တို့အတွက်ဖြစ်၏။
5:14 အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
5:15 ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့အတွက် အသက်မရှင်တော့ဘဲ သူတို့အတွက်အသေခံတော်မူပြီး ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ကြရန်ဖြစ်၏။
5:16 ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
5:17 သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
5:18 ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော် အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။
5:19 ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။
5:20 ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။
5:21 ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။