Deuteronomy 6
6:1 သင်တို့ကူးသွား၍သိမ်းပိုက်နေထိုင်မည့်ပြည်၌ လိုက်နာရမည့် ပညတ်တော်၊ ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို သင်တို့အားသင်ကြားပေးရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့၏။
6:2 သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။
6:3 အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။
6:4 အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။
6:5 သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရမည်။
6:6 ယနေ့ သင့်အား ငါမိန့်မှာသော ဤနှုတ်ကပတ်တော်တို့ကို နှလုံးသွင်းရမည်။
6:7 သင်တို့၏သားသမီးတို့အား ကြိုးစားသွန်သင်ရမည်။ သင်တို့သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
6:8 သင်တို့၏လက်၌ အမှတ်လက္ခဏာအဖြစ် ချည်ထားရမည်။ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိစေရမည်။
6:9 သင်တို့၏အိမ်တံခါးတိုင်များ၊ မြို့တံခါးများ၌ ရေးသားထားရမည်။
6:10 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားပေးမည်ဟု သင်တို့ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူ၍ သင်တို့မတည်ဆောက်ဘဲ တည်ဆောက်ပြီးသား သာယာဝပြောသောမြို့ကြီးများ၊
6:11 သင်တို့မစုဆောင်းဘဲ စုဆောင်းပြီးသားကောင်းသောအရာအမျိုးမျိုးတို့ဖြင့်ပြည့်နေသောအိမ်များ၊ သင်တို့မတူးဘဲ တူးပြီးသားရေတွင်းများ၊ သင်တို့မစိုက်ဘဲ စိုက်ပြီးသား စပျစ်ခြံများနှင့်သံလွင်ခြံများကို သင်တို့ရရှိပြီး ဝလင်စွာ စားရသောအခါ
6:12 ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။
6:13 သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုအရှင်ကိုသာ ဝတ်ပြုရမည်။ ထိုအရှင်၏နာမတော်ကို တိုင်တည်၍ကျိန်ဆိုရမည်။
6:14 အခြားဘုရားများ၊ သင်တို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများကို မဆည်းကပ်ရ။
6:15 သင်တို့နှင့်အတူရှိတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အပေါ်အမျက်ထွက်၍ သင်တို့ကို မြေကြီးပေါ်မှ ဖျက်ဆီးတော်မူမည်ကို စိုးရိမ်ရ၏။
6:16 သင်တို့သည် မဿာအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အကဲစမ်းသကဲ့သို့ အကဲမစမ်းရ။
6:17 သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့် ပညတ်ချက်၊ သက်သေခံချက်၊ ပြဋ္ဌာန်းချက် တို့ကို ကြိုးစားစောင့်ထိန်းရမည်။
6:18 ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှု၊ ကောင်းသောအမှုတို့ကို ပြုလော့။ သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကိုသင်တို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုသာယာဝပြောသောပြည်ကို သင်တို့ဝင်ရောက်သိမ်းပိုက်၍ ကောင်းစားကြလိမ့်မည်။
6:19 ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ရန်သူအပေါင်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
6:20 နောင်ကာလ၌ သင်တို့၏သားသမီးများက ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမိန့်မှာထားသည့် သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက် တို့ကား မည်သို့နည်း’ဟု မေးမြန်းသောအခါ
6:21 သင်တို့ကလည်း သင်တို့၏သားသမီးများအား ‘ငါတို့သည် အီဂျစ်ပြည်၌ ဖာရောမင်းကြီး၏ကျွန်ဖြစ်ခဲ့ကြ၏။ သို့သော် ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့၏။
6:22 ထိုအချိန်၌ ထာဝရဘုရားသည် ငါတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာများ၊ ကြီးမား၍ ကြောက်မက်စရာကောင်းသော အံ့ဩဖွယ်အမှုများကို အီဂျစ်ပြည်အပေါ်၊ ဖာရောမင်းကြီးနှင့်သူ၏နန်းတော်သူနန်းတော်သားအပေါင်းတို့အပေါ် ကျရောက်စေတော်မူခဲ့၏။
6:23 ငါတို့ကိုကား ထိုပြည်ကို ငါတို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ပို့ဆောင်ရန် အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
6:24 ယနေ့ကဲ့သို့ ငါတို့သည် အစဉ်ကောင်းစား၍ အသက်ချမ်းသာရာရမည့်အကြောင်း ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာရန် ငါတို့အား ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။
6:25 ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်း ကိုယ်တော်၏ရှေ့တော်၌ ပညတ်တော်ရှိသမျှတို့ကိုလိုက်နာစောင့်ထိန်းလျှင် ငါတို့ကို ဖြောင့်မတ်စေမည်’ဟု ပြောပြရမည်။