1 Thessalonians 2
2:1 ညီအစ်ကိုတို့၊ သင်တို့ထံသို့ ငါတို့ရောက်ရှိလာခြင်းသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
2:2 သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။
2:3 အကြောင်းမူကား ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် ပရိယာယ်တို့အားဖြင့် သင်တို့ကိုတိုက်တွန်းဟောပြောကြသည်မဟုတ်။
2:4 ဘုရားသခင်သည် ငါတို့ကိုအသိအမှတ်ပြုလျက် ကောင်းမြတ်သောသတင်းကို ငါတို့၌ယုံကြည်အပ်နှံထားသည့်အလျောက် ငါတို့သည် လူတို့ကိုနှစ်သက်စေရန်မဟုတ်ဘဲ ငါတို့၏စိတ်နှလုံးကိုစစ်ဆေးတော်မူသောဘုရားသခင်ကို နှစ်သက်စေရန် ဟောပြောကြ၏။
2:5 အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကို တစ်ကြိမ်တစ်ခါမျှမသုံး၊ လောဘစိတ်ဖြင့်ဟန်ဆောင်ခြင်းလည်းမရှိခဲ့ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် ငါတို့၏သက်သေဖြစ်တော်မူ၏။
2:6 ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ
2:7 နို့တိုက်မိခင်သည် မိမိ၏သားသမီးများကို ယုယကြင်နာသကဲ့သို့ သင်တို့အလယ်၌ နူးညံ့သိမ်မွေ့သောသူများ ဖြစ်ကြ၏။
2:8 ထိုနည်းတူ သင်တို့သည် ငါတို့ချစ်သောသူများဖြစ်လာကြသောကြောင့် ငါတို့သည် သင်တို့ကိုချစ်ခင်တွယ်တာလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် စေတနာစိတ်ရှိကြ၏။
2:9 ညီအစ်ကိုတို့၊ ငါတို့၏ကြိုးပမ်းအားထုတ်မှုနှင့်ပင်ပန်းခက်ခဲမှုတို့ကို သင်တို့မှတ်မိကြ၏။ ငါတို့သည် သင်တို့ထဲမှ မည်သူ့အပေါ်၌မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါအလုပ်လုပ်လျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။
2:10 ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။
2:11 သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက်
2:12 မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။
2:13 သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
2:14 ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေရှု၌တည်သော ယုဒပြည်ရှိ ဘုရားသခင်၏အသင်းတော်များကို အတုယူသူများဖြစ်ကြပြီ။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးတို့လက်တွင် ဒုက္ခဝေဒနာခံစားကြရသကဲ့သို့ သင်တို့သည်လည်း မိမိတို့၏အမျိုးသားချင်းများလက်တွင် အလားတူခံစားကြရ၏။
2:15 ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက်
2:16 လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
2:17 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။
2:18 ထို့ကြောင့် ငါတို့သည် သင်တို့ထံသို့လာရန် အလိုရှိကြ၏။ ငါပေါလုသည် တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် အမှန်ပင်ကြိုးစားသော်လည်း စာတန်သည် ငါတို့ကို တားဆီးခဲ့၏။
2:19 ငါတို့သခင်ယေရှု ကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။
2:20 အကြောင်းမူကား သင်တို့သည် ငါတို့၏ဘုန်းအသရေနှင့် ဝမ်းမြောက်ခြင်းဖြစ်ကြ၏။