1 Thessalonians 3
3:1 ထို့ကြောင့် ငါတို့သည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် ငါတို့ချည်းသာ အေသင်မြို့၌နေခဲ့ရန် ဆုံးဖြတ်ပြီးလျှင်
3:2 ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက် ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
3:3 ဤဆင်းရဲဒုက္ခများကြောင့် မည်သူမျှ ယိမ်းယိုင်ခြင်းမရှိစေရန်ဖြစ်၏။ အကြောင်းမူကား ဤသို့ဆင်းရဲဒုက္ခကိုခံရစေရန် ငါတို့ကိုခန့်ထားတော်မူကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
3:4 အဘယ်ကြောင့်ဆိုသော် သင်တို့နှင့်အတူ ငါတို့ရှိစဉ်ကပင် ငါတို့သည် ဆင်းရဲဒုက္ခခံရတော့မည်ဟု သင်တို့အား ကြိုတင်ပြောထားခဲ့သည်ဖြစ်၍ ထိုအတိုင်းပင်ဖြစ်လာကြောင်း သင်တို့သိကြ၏။
3:5 ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
3:6 သို့သော် ယခု တိမောသေသည် သင်တို့ထံမှပြန်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ပတ်သက်သည့် ဝမ်းမြောက်ဖွယ်သတင်းကို ငါတို့အားပြောပြ၏။ ထို့ပြင် သင်တို့သည် ငါတို့ကို အစဉ်အမြဲကောင်းမွန်စွာသတိရလျက် ငါတို့သည် သင်တို့ကို အလွန်တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို အလွန်တွေ့မြင်လိုကြောင်း ပြောပြ၏။
3:7 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ခက်ခဲကျပ်တည်းခြင်းနှင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရစဉ်တွင် သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့နှင့်ပတ်သက်၍ နှစ်သိမ့်မှုကိုခံစားရကြ၏။
3:8 သင်တို့သည် သခင်ဘုရား၌ခိုင်မြဲစွာရပ်တည်လျှင် ယခု ငါတို့အသက်ရှင်နိုင်၏။
3:9 ငါတို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့ကြောင့် ငါတို့ခံစားရသော ဤဝမ်းမြောက်ခြင်းအားလုံးကိုထောက်၍ သင်တို့အတွက် ဘုရားသခင်ကို မည်ကဲ့သို့ကျေးဇူးတုံ့ပြန်နိုင်ပါမည်နည်း။
3:10 ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။
3:11 ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေရှု သည် သင်တို့ထံသို့ ငါတို့လာမည့်လမ်းခရီးကို ပြင်ဆင်ပေးတော်မူပါစေသော။
3:12 ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်သောမေတ္တာ၌လည်းကောင်း၊ လူအပေါင်းတို့ကိုချစ်သောမေတ္တာ၌လည်းကောင်း တိုးပွား၍ ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။
3:13 ထို့ပြင် ငါတို့၏သခင်ယေရှုသည် မိမိ၏သန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်တွင် သင်တို့၏စိတ်နှလုံးကို မြင့်မြတ်သန့်ရှင်းခြင်းအရာ၌ အပြစ်တင်စရာမရှိရလေအောင် ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ အာမင် ။