1 Thessalonians 5
5:1 သို့ရာတွင် ညီအစ်ကိုတို့၊ ထိုအချိန်အခါနှင့်ကာလများအကြောင်းကို သင်တို့ထံရေးသားရန် မလိုအပ်ပေ။
5:2 အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
5:3 “ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
5:4 သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် အမှောင်ထဲ၌မရှိသောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ကို အငိုက်ဖမ်းလိမ့်မည်မဟုတ်။
5:5 အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများ၊ နေ့၏သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညနှင့်ဖြစ်စေ၊ အမှောင်နှင့်ဖြစ်စေ စပ်ဆိုင်ကြသည်မဟုတ်။
5:6 သို့ဖြစ်၍ အခြားသောသူများကဲ့သို့ အိပ်ပျော်ခြင်းမရှိဘဲ သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြကုန်စို့။
5:7 အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအခါ၌ အိပ်ပျော်တတ်ကြ၏။ ယစ်မူးသောသူတို့သည်လည်း ညအခါ၌ ယစ်မူးတတ်ကြ၏။
5:8 ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။
5:9 အကြောင်းမူကား ဘုရားသခင်သည် ငါတို့ကို အမျက်တော်သက်ရောက်စေရန် သတ်မှတ်ထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုရရှိစေရန် သတ်မှတ်ထားတော်မူ၏။
5:10 ငါတို့သည် နိုးနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူ၏။
5:11 ထို့ကြောင့် ယခုသင်တို့ပြုနေသည့်အတိုင်း အချင်းချင်းတိုက်တွန်းနှိုးဆော်၍ တစ်ဦးကိုတစ်ဦး တည်ဆောက်မြှင့်တင်ပေးကြလော့။
5:12 ညီအစ်ကိုတို့၊ သင်တို့ထဲတွင် အားထုတ်လုပ်ဆောင်လျက်၊ သခင်ဘုရား၌ သင်တို့ကို စီမံအုပ်ချုပ်လျက် သင်တို့ကိုသတိပေးဆုံးမနေကြသောသူများကို ကြည်ညိုလေးစားကြရန်လည်းကောင်း၊
5:13 သူတို့လုပ်ဆောင်သောအမှုအတွက် မေတ္တာစိတ်နှင့် သူတို့ကိုအထူးတန်ဖိုးထားကြရန်လည်းကောင်း သင်တို့အား ငါတို့တောင်းပန်ကြ၏။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
5:14 ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
5:15 မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
5:16 အစဉ်ဝမ်းမြောက်ကြလော့။
5:17 အမြဲမပြတ် ဆုတောင်းကြလော့။
5:18 အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။
5:19 ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။
5:20 ပရောဖက်ပြုဟောပြောခြင်းကို မထီမဲ့မြင်မပြုကြနှင့်။
5:21 သို့သော် အရာခပ်သိမ်းတို့ကိုစစ်ဆေး၍ ကောင်းသောအရာကို စွဲကိုင်ထားကြလော့။
5:22 မကောင်းမှုအမျိုးစုံတို့ကို ရှောင်ကြဉ်ကြလော့။
5:23 ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။
5:24 သင်တို့ကို ခေါ်ယူတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍ ထိုသို့ပြုတော်မူလိမ့်မည်။
5:25 ညီအစ်ကိုတို့၊ ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။
5:26 ညီအစ်ကိုအားလုံးတို့ကို သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။
5:27 ဤစာကို ညီအစ်ကို အားလုံးတို့ရှေ့၌ဖတ်ကြားရန် သခင်ဘုရား၌ သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏။
5:28 ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။