1 Thessalonians 4
4:1 နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
4:2 အကြောင်းမူကား ငါတို့သည် သခင်ယေရှုအားဖြင့် သင်တို့အား မည်သည့်ညွှန်ကြားချက်များပေးခဲ့သည်ကို သင်တို့သိကြ၏။
4:3 ဘုရားသခင်၏အလိုတော်ကား သင်တို့သန့်ရှင်းခြင်းရှိရန်ဖြစ်၏။ တစ်နည်းအားဖြင့် သင်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြဉ်လျက်
4:4 သင်တို့တစ်ဦးစီသည် သန့်ရှင်းခြင်းနှင့်ဂုဏ်သရေရှိခြင်းတို့၌ မိမိကိုယ်ခန္ဓာအား မည်သို့ထိန်းသိမ်းရမည်ကို သိရှိ၍
4:5 ဘုရားသခင်ကိုမသိသောလူမျိုးခြားတို့ကဲ့သို့ ကိလေသာတပ်မက်ခြင်းထဲ၌ နစ်မွန်းခြင်းမရှိကြရန်နှင့်
4:6 ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
4:7 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။
4:8 ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့ အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။
4:9 ညီအစ်ကိုချင်းချစ်သောမေတ္တာနှင့်ပတ်သက်၍မူကား သင်တို့ထံရေးသားရန် မလိုအပ်ပေ။ အကြောင်းမှာ သင်တို့ကိုယ်တိုင်သည် အချင်းချင်းချစ်ကြရန် ဘုရားသခင်ထံမှ သင်ယူထားသောသူများဖြစ်ကြ၏။
4:10 အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်တစ်ဝန်းလုံးရှိ ညီအစ်ကိုအားလုံးတို့အပေါ် ထိုမေတ္တာကိုပြကြပြီ။ သို့ရာတွင် ညီအစ်ကိုတို့၊ ထိုမေတ္တာကို ပို၍ပြည့်စုံစွာပြကြရန်လည်းကောင်း၊
4:11 သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
4:12 ဤသည်ကား သင်တို့သည် ပြင်ပလူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာအသက်ရှင်လျှောက်လှမ်း၍ သင်တို့၌ မည်သည့်လိုအပ်ချက်မျှမရှိစေရန်အတွက်ဖြစ်၏။
4:13 ညီအစ်ကိုတို့၊ သင်တို့သည် မျှော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ ဝမ်းနည်းခြင်းမရှိကြမည့်အကြောင်း အိပ်ပျော်သောသူတို့နှင့်ပတ်သက်၍ သင်တို့မသိဘဲနေရန် ငါတို့အလိုမရှိ။
4:14 အကြောင်းမူကား ယေရှုသည် အသေခံပြီးနောက် ထမြောက်တော်မူသည်ဟု ငါတို့ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုကဲ့သို့ပင် ထိုသခင်နှင့်အတူခေါ်ထုတ်တော်မူလိမ့်မည်။
4:15 သခင်ဘုရား၏စကားတော်အားဖြင့် သင်တို့အား ငါတို့ဆိုသည်မှာ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အိပ်ပျော်သောသူတို့ထက် လုံးဝရှေ့ကျလိမ့်မည်မဟုတ်။
4:16 အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏အသံနှင့် ဘုရားသခင်၏တံပိုးမှုတ်သံတို့ဖြင့် သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်မှဆင်းသက်တော်မူသောအခါ ခရစ်တော်၌သေလွန်သောသူတို့သည် ဦးစွာထမြောက်ကြလိမ့်မည်။
4:17 ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ထိုသူတို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြလိမ့်မည်။
4:18 သို့ဖြစ်၍ ဤစကားများဖြင့် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။