2 Timothy 3
3:1 သို့သော် နောက်ဆုံးသောနေ့ရက်တို့၌ ခဲယဉ်းသောအချိန်ကာလများကျရောက်မည်ဖြစ်ကြောင်း သိမှတ်လော့။
3:2 အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ကြွားဝါသောသူ၊ မာနထောင်လွှားသောသူ၊ စော်ကားပြောဆိုသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ မသန့်ရှင်းသောသူ၊
3:3 ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းချောတတ်သောသူ၊ မိမိစိတ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုကိုမုန်းသောသူ၊
3:4 သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊
3:5 ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
3:6 အကြောင်းမူကား သူတို့ထဲမှ အချို့တို့သည် အိမ်များသို့ မသိမသာဝင်ပြီးလျှင် တပ်မက်ခြင်းအမျိုးမျိုး၏သွေးဆောင်ရာသို့လိုက်ပါလျက် အပြစ်ကိုထပ်တလဲလဲပြုနေသော မိန်းမမိုက်များကို သိမ်းသွင်း ကြ၏။
3:7 ထိုမိန်းမတို့သည် အမြဲသင်ယူနေကြသော်လည်း မည်သည့်အခါမျှ သမ္မာတရားကိုသိရှိခြင်းသို့ မရောက်နိုင်ကြ။
3:8 ယန္နေနှင့်ယံဗြေတို့သည် မောရှေကိုဆန့်ကျင်ခဲ့သည့်နည်းတူ ထိုသူတို့သည်လည်း သမ္မာတရားကိုဆန့်ကျင်ကြ၏။ သူတို့သည် စိတ်နှလုံးပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာ၌ ကျရှုံးသောသူများဖြစ်ကြ၏။
3:9 သူတို့သည် နောက်ထပ်တိုး၍ တက်လှမ်းနိုင်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့၏မိုက်မဲမှုသည် ထိုသူနှစ်ဦးတို့၏မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့၌ ပေါ်လွင်ထင်ရှားလာလိမ့်မည်။
3:10 သို့သော် သင်သည် ငါ၏သွန်သင်ချက်၊ အသက်ရှင်နေထိုင်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌လည်းကောင်း၊
3:11 အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
3:12 အမှန်စင်စစ် ခရစ်တော်ယေရှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်စွာအသက်ရှင်ရန် အလိုရှိသောသူအားလုံးတို့သည် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
3:13 ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
3:14 သင်မူကား မိမိသင်ယူ၍ အခိုင်အမာယုံကြည်သည့်အရာများ၌ တည်နေလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုအရာတို့ကို မည်သူတို့ထံမှ သင်ယူခဲ့သည်ကိုလည်းကောင်း၊
3:15 ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။
3:16 ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဩဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။
3:17 ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။