2 Timothy 4
4:1 ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု ၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား
4:2 နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
4:3 အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ
4:4 သမ္မာတရားကိုနားမထောင်ဘဲ ဒဏ္ဍာရီများဘက်သို့လှည့်သွားကြမည့်အချိန်အခါရောက်လာလိမ့်မည်။
4:5 သင်မူကား အရာရာ၌ သမ္မာသတိရှိလော့။ ဆင်းရဲဒုက္ခကိုခံ၍ ကောင်းမြတ်သောသတင်းဟောပြောသူပြုရမည့်အမှုကို ပြုလော့။ သင်၏အမှုတော်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လော့။
4:6 အကြောင်းမူကား ငါသည် သွန်းလောင်းပူဇော်ခြင်းကိုခံနေရပြီ။ ဤဘဝကို ငါစွန့်ခွာရမည့်အချိန်ရောက်လေပြီ။
4:7 ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။
4:8 ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက် အသင့်ရှိနေ၏။ ထိုနေ့၌ ဖြောင့်မတ်သည့်တရားစီရင်သူဖြစ်တော်မူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ငါ့ကိုသာမဟုတ်ဘဲ ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းကို လိုလားတောင့်တသူအားလုံးတို့ကိုလည်း ပေးတော်မူလိမ့်မည်။
4:9 ငါ့ထံသို့အလျင်အမြန်လာရန် ကြိုးစားလော့။
4:10 အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။
4:11 လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူခေါ်ဆောင်လာခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အတွက် အမှုတော်လုပ်ငန်း၌ အသုံးဝင်သူဖြစ်၏။
4:12 တုခိတ်ကိုမူကား ဧဖက်မြို့သို့ ငါစေလွှတ်လိုက်၏။
4:13 သင်လာသောအခါ တရောမြို့တွင် ကာပုထံ၌ ငါထားခဲ့သည့် ဝတ်လုံနှင့်တကွ စာလိပ်များ အထူးသဖြင့် သားရေပုရပိုက်များကို ယူခဲ့လော့။
4:14 ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
4:15 သင်သည်လည်း သူ့ကိုသတိပြုလော့။ အကြောင်းမူကား သူသည် ငါတို့၏စကားကို ပြင်းထန်စွာဆန့်ကျင်၏။
4:16 ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။
4:17 သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
4:18 သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင် ။
4:19 ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဖော်၏အိမ်သူအိမ်သားကို နှုတ်ဆက်ပေးလော့။
4:20 ဧရတ္တုသည် ကောရိန်သုမြို့၌ နေရစ်ခဲ့၏။ တရောဖိမ်ကိုမူကား နာမကျန်းဖြစ်နေသဖြင့် မိလက်မြို့တွင် ငါထားခဲ့၏။
4:21 ဆောင်းကာလမတိုင်မီလာနိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနုနှင့် ကလောဒိတို့မှစ၍ ညီအစ်ကိုအပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။
4:22 သခင်ဘုရား သည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။