James 3
3:1 ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်ကြသောငါတို့သည် ပို၍တင်းကျပ်သောတရားစီရင်ခြင်းကိုခံရမည်ဖြစ်ကြောင်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနှင့်။
3:2 အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
3:3 ငါတို့ကိုနာခံစေရန် မြင်း၏ပါးစပ်ထဲသို့ ဇက်ခွံ့သောအခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ငါတို့လှည့်နိုင်၏။
3:4 သင်္ဘောကိုလည်းကြည့်လော့။ ထိုမျှလောက်ကြီးမား၍ လေပြင်းတိုက်ရာသို့လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင်အလိုရှိရာဘက်သို့ လှည့်စေနိုင်၏။
3:5 ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။
3:6 လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။
3:7 လူသားတို့သည် သားရဲတိရစ္ဆာန်နှင့်ကျေးငှက်မျိုးမှစ၍ တွားသွားသတ္တဝါနှင့်ရေသတ္တဝါမျိုးအပေါင်းတို့ကို ယဉ်ပါးစေနိုင်သကဲ့သို့ ယဉ်လည်းယဉ်ပါးစေခဲ့ကြ၏။
3:8 သို့သော် လျှာကိုယဉ်ပါးစေနိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ လျှာသည် ထိန်းချုပ်၍မရနိုင်သောအဆိုးအမိုက်ဖြစ်ပြီး သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်လျက်ရှိ၏။
3:9 ငါတို့သည် လျှာဖြင့် ခမည်းတော်ဖြစ်တော်မူသောထာဝရဘုရား ၏ကျေးဇူးတော်ကိုချီးမွမ်းလျက် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းခံရသောလူတို့ကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။
3:10 နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။
3:11 စမ်းရေပေါက်တစ်ခုထဲမှ ရေချိုနှင့်ရေခါး ထွက်လေ့ရှိသလော။
3:12 ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးများကို သီးနိုင်သလော။ ထို့အတူ ရေငန်တွင်းသည်လည်း ရေချိုကို မထွက်ပေါ်စေနိုင်ပေ။
3:13 သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။
3:14 သို့သော် သင်တို့၏စိတ်နှလုံးထဲ၌ ခါးသီးသောမနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများရှိလျှင် သမ္မာတရားကိုဆန့်ကျင်၍ ဝါကြွားခြင်း၊ လိမ်ညာခြင်းတို့ကိုမပြုကြနှင့်။
3:15 ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။
3:16 အကြောင်းမူကား မနာလိုခြင်းနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းရှိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးညစ်သောအမှုအမျိုးမျိုးတို့ရှိတတ်၏။
3:17 သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။
3:18 ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။