James 4
4:1 သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။
4:2 သင်တို့သည် တပ်မက်သော်လည်း မရသောကြောင့် လူသတ်ကြ၏။ အလွန်အလိုရှိသော်လည်း မရရှိနိုင်သောကြောင့် ခိုက်ရန်ဖြစ်၍ စစ်တိုက်ကြ၏။ သင်တို့မရကြသည်မှာ သင်တို့မတောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
4:3 တောင်းလျှောက်သော်လည်း မရကြသည်မှာ သင်တို့၏ကာမဂုဏ်ခံစားမှုအတွက်သုံးစွဲရန် လွဲမှားစွာ တောင်းလျှောက်ကြသောကြောင့်ဖြစ်၏။
4:4 ဖောက်ပြန်သောသူတို့ ၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
4:5 သို့မဟုတ် ကျမ်းစာက “ကိုယ်တော်သည် ငါတို့၌ ကိန်းဝပ်စေတော်မူသောဝိညာဉ်ကို သဝန်တိုသောသဘောဖြင့် တောင့်တတော်မူ၏”ဟူ၍ အကြောင်းမဲ့ဆိုထားသည်ဟု သင်တို့ထင်ကြသလော။
4:6 သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏” ဟု ကျမ်းစာ၌ဆိုထား၏။
4:7 ထို့ကြောင့် ဘုရားသခင်ကိုနာခံကြလော့။ မာရ်နတ်ကိုဆန့်ကျင်တွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။
4:8 ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
4:9 စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။
4:10 ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
4:11 ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
4:12 ပညတ်တရားကိုပေးသောသူ၊ တရားစီရင်သောသူ သည် တစ်ပါးတည်းရှိတော်မူပြီး ထိုအရှင်သည် ကယ်တင်နိုင်စွမ်းရှိ၍ ဖျက်ဆီးနိုင်စွမ်းလည်းရှိတော်မူ၏။ သင်မူကား မည်သူဖြစ်၍ မိမိဝန်းကျင်၌ရှိသောသူကိုစီရင်ရသနည်း။
4:13 “ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမြို့၊ သို့မဟုတ် ထိုမြို့သို့သွား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံးနေလျက် ကူးသန်းရောင်းဝယ်ကာ အမြတ်ရအောင်လုပ်ကြမည်”ဟု ဆိုတတ်သောသူတို့၊ ယခုနားထောင်ကြလော့။
4:14 သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
4:15 ထို့ကြောင့် “ထာဝရဘုရားအလိုတော်ရှိလျှင် ငါတို့သည် အသက်ရှင်၍ ဤအမှု၊ သို့မဟုတ် ထိုအမှုကိုပြုကြမည်”ဟုသာ သင်တို့ဆိုသင့်၏။
4:16 သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။
4:17 သို့ဖြစ်၍ မည်သူမဆို ကောင်းသောအမှုကိုလုပ်ဆောင်ရန် သိလျက်နှင့်မလုပ်ဘဲနေလျှင် သူ့အတွက်အပြစ်ဖြစ်၏။