Joshua 13
13:1 ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။
13:2 ကျန်ရှိနေသောမြေများမှာ ဖိလိတ္တိနယ်မြေတစ်ခုလုံး၊ ဂေရှုရိနယ်မြေတစ်ခုလုံး၊
13:3 ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်
13:4 တောင်ဘက်ခါနာန်ပြည်တစ်ခုလုံး၊ ဆီဒုန်လူမျိုးတို့ပိုင်သောမာရပြည်မှ အာမောရိပြည်နယ်နိမိတ်အာဖက်ပြည်အထိ၊
13:5 ဂေဗလပြည်၊ လက်ဘနွန်ပြည်အရှေ့ဘက်တစ်ခုလုံး၊ ဟေရမုန်တောင်ခြေရှိ ဗာလဂဒ်ပြည်မှ လီဘိုဟာမတ်ပြည်အထိဖြစ်၏။
13:6 လက်ဘနွန်ပြည်မှစ၍ မိသရဖောသမိမ်ပြည်တိုင်အောင် တောင်ပေါ်ဒေသတွင်နေထိုင်သောဆီဒုန်လူမျိုးအပေါင်းတို့ကို အစ္စရေးအမျိုးသားတို့ရှေ့မှ ငါနှင်ထုတ်မည်။ ငါမိန့်မှာသည့်အတိုင်း ဤပြည်ကို အစ္စရေးလူမျိုးတို့အား အမွေမြေအဖြစ် သင်ခွဲဝေပေးရမည်။
13:7 ဤပြည်ကို အစ္စရေးအမျိုးအနွယ်ကိုးနွယ်နှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့ကို အမွေခွဲဝေပေးရမည်”ဟု မိန့်တော်မူ၏။
13:8 ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း
13:9 သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ
13:10 ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီးပိုင်သောမြို့အားလုံးနှင့်တကွ အမ္မုန်အမျိုးသားတို့၏နယ်နိမိတ်အထိ၊
13:11 ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ
13:12 အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။
13:13 သို့သော် အစ္စရေးအမျိုးသားတို့သည် ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ယနေ့တိုင်အောင် ဂေရှုရပြည်သား၊ မာခါပြည်သားတို့သည် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လျက်ရှိကြ၏။
13:14 မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မပေး။ သူတို့အားထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်သည် သူတို့၏အမွေဖြစ်၏။
13:15 မောရှေသည် ရုဗင်အမျိုးအနွယ်ကို မျိုးနွယ်စုအလိုက် အမွေမြေခွဲဝေပေး၏။
13:16 သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
13:17 ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊
13:18 ယာဟတ်မြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊
13:19 ကိရယသိမ်မြို့၊ စိဗမာမြို့၊ ကုန်းမြင့်လွင်ပြင်ရှိ ဇာရက်ရှာဟာမြို့၊
13:20 ဗက်ပေဂုရမြို့၊ ပိသဂါတောင်စောင်းတစ်လျှောက်၊ ဗက်ယေရှိမုတ်မြို့အပါအဝင်
13:21 လွင်ပြင်ရှိ မြို့အားလုံး၊ ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံးဖြစ်၏။ မောရှေသည် ရှိဟုန်ဘုရင်နှင့်တကွ ရှိဟုန်ဘုရင်မင်းမြှောက်ထား၍ ထိုပြည်တွင်နေထိုင်ကြသောမိဒျန်ခေါင်းဆောင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘ တို့ကို ကွပ်မျက်ခဲ့၏။
13:22 အစ္စရေးအမျိုးသားတို့ ဓားဖြင့်ကွပ်မျက်ခဲ့သောသူတို့တွင် ဗောရ၏သား ဂမ္ဘီရအတတ်ပညာရှင်ဗာလမ်လည်း ပါ၏။
13:23 ဂျော်ဒန်မြစ်ကမ်းရိုးတန်းတစ်လျှောက်သည် ရုဗင်အမျိုးအနွယ်တို့ ရရှိသောအမွေမြေဖြစ်၏။ ဤသည်ကား ရုဗင်အမျိုးအနွယ်၏မျိုးနွယ်စုအလိုက် အမွေမြေအဖြစ်ရရှိသော မြို့ရွာများဖြစ်သတည်း။
13:24 မောရှေသည် ဂဒ်အမျိုးအနွယ်ကို မျိုးနွယ်စုအလိုက် အမွေမြေခွဲဝေပေး၏။
13:25 သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊
13:26 ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့ နယ်နိမိတ်အထိ၊
13:27 ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။
13:28 ဤသည်ကား ဂဒ်အမျိုးအနွယ်တို့ မျိုးနွယ်စုအလိုက် အမွေမြေအဖြစ်ရရှိသောမြို့ရွာများဖြစ်သတည်း။
13:29 မောရှေသည် မနာရှေအမျိုးအနွယ်တစ်ဝက်အား အမွေမြေခွဲဝေပေး၏။ မျိုးနွယ်စုအလိုက် မနာရှေအမျိုးအနွယ်တစ်ဝက်ရရှိသောနယ်မြေကား
13:30 ဗာရှန်ပြည်ရှိ ယာဣရမြို့ငယ်ပေါင်း ခြောက်ဆယ်အပါအဝင် ဗာရှန်ဘုရင်ဩဃမင်းကြီးအုပ်စိုးသော မဟာနိမ်မြို့မှ ဗာရှန်ပြည်တစ်ပြည်လုံး၊
13:31 ဂိလဒ်ပြည်တစ်ဝက်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏မင်းနေပြည်တော်မြို့များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် မနာရှေ၏သား မာခိရ၏သားမြေးတစ်ဝက်တို့ရသောအမွေမြေဖြစ်၏။
13:32 ဤရွေ့ကား ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် မောဘလွင်ပြင်တွင် မောရှေခွဲဝေပေးခဲ့သောအမွေမြေများဖြစ်၏။
13:33 မောရှေသည် လေဝိအမျိုးတို့ကို အမွေမြေ မခွဲပေး။ သူတို့အား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုး၏ဘုရားရှင်ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။