1 John 2
2:1 ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။
2:2 ထိုအရှင်သည် ငါတို့အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာဖြစ်တော်မူ၏။ ငါတို့အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း ဖြစ်တော်မူ၏။
2:3 ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ဘုရားသခင်ကို ငါတို့သိကျွမ်းသည်ကိုသိကြ၏။
2:4 ဘုရားသခင်ကို ငါသိကျွမ်း၏ဟုဆိုလျက် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းခြင်းမရှိသောသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌မရှိ။
2:5 သို့ရာတွင် မည်သူမဆို ဘုရားသခင်၏စကားကို လိုက်နာစောင့်ထိန်းလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ထိုသူ၌ အမှန်ပင်ပြည့်စုံ၏။ ဤသို့ဖြင့် ငါတို့သည် ဘုရားသခင်၌ရှိသည်ကို သိကြ၏။
2:6 ဘုရားသခင်၌ ငါတည်၏ဟုဆိုသောသူသည် ခရစ်တော်အသက်ရှင်လျှောက်လှမ်းတော်မူခဲ့သည့်အတိုင်း အသက်ရှင်လျှောက်လှမ်းရမည်။
2:7 ချစ်ရသောသူတို့၊ သင်တို့ထံ ငါရေးလိုက်သောပညတ်သည် ပညတ်သစ်မဟုတ်။ အစအဦးကပင် သင်တို့၌ရှိသော ပညတ်ဟောင်းသာဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်တို့ကြားခဲ့ရသော နှုတ်ကပတ်တော်ဖြစ်၏။
2:8 တစ်ဖန် ခရစ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း မှန်ကန်သောပညတ်သစ်ကို သင်တို့ထံသို့ ငါရေးလိုက်၏။ အကြောင်းမူကား မှောင်မိုက်သည် ရွေ့လျားကွယ်ပျောက်သွား၍ စစ်မှန်သောအလင်းသည် ထွန်းတောက်ပြီဖြစ်၏။
2:9 ငါသည် အလင်း၌ရှိ၏ဟုဆိုလျက် မိမိညီအစ်ကိုကိုမုန်းသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ရှိသေး၏။
2:10 မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌တည်သည်ဖြစ်၍ ထိုသူ၌ မှားယွင်းစေသောအရာမရှိ။
2:11 မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။
2:12 သားသမီးတို့၊ သင်တို့သည် ခရစ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံရပြီဖြစ်သောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
2:13 ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
2:14 သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
2:15 လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ မည်သူမဆို လောကကိုချစ်လျှင် ခမည်းတော်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌မရှိ။
2:16 အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။
2:17 လောကနှင့်လောကီတပ်မက်ခြင်းတို့သည် ရွေ့လျားကွယ်ပျောက်သွားမည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား ကာလအစဉ်အဆက်တည်၏။
2:18 သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။
2:19 ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
2:20 သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
2:21 သင်တို့သည် သမ္မာတရားကိုမသိကြသောကြောင့် မဟုတ်ဘဲ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းရှိသမျှတို့သည် သမ္မာတရားနှင့်မစပ်ဆိုင်သည်ကိုလည်းကောင်း သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
2:22 လိမ်လည်သောသူကား မည်သူနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သောသူမဟုတ်လော။ ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် ခရစ်တော်ကိုဆန့်ကျင်အန်တုသူဖြစ်၏။
2:23 သားတော်ကိုငြင်းပယ်သောသူရှိသမျှတို့သည် ခမည်းတော်ကိုမရ။ သားတော်ကိုဝန်ခံသောသူသည် ခမည်းတော်ကိုရ၏။
2:24 အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာကို သင်တို့၌တည်စေကြလော့။ ထိုသို့ အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာသည် သင်တို့၌တည်လျှင် သင်တို့သည်လည်း သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်ကြလိမ့်မည်။
2:25 ဤသည်ကား ငါတို့အား ကိုယ်တော်ပေးတော်မူသည့် ကတိတော်တည်းဟူသော ထာဝရအသက်ဖြစ်၏။
2:26 သင်တို့ကိုလှည့်ဖြားသောသူတို့နှင့်ပတ်သက်၍ ဤအကြောင်းအရာများကို သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
2:27 သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။
2:28 ထို့ကြောင့် သားသမီးတို့၊ ငါတို့သည် ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်တော်ကြွလာတော်မူသည့်အချိန်တွင် ရှေ့တော်၌ ရှက်ကြောက်ခြင်းမရှိစေရန် ကိုယ်တော်၌တည်နေကြလော့။
2:29 ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။