1 John 3
3:1 ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရရန် ခမည်းတော်သည် မည်မျှကြီးမားသောချစ်ခြင်းမေတ္တာကို ငါတို့အား ပေးတော်မူသည်ကို ဆင်ခြင်ကြလော့။ အမှန်ပင် ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကိုမသိသောကြောင့် ငါတို့ကိုလည်းမသိကြ။
3:2 ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။
3:3 ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။
3:4 အပြစ်ကိုပြုနေသောသူတိုင်းသည် တရားမဲ့သောအမှုကိုလည်းပြု၏။ အပြစ်သည် တရားမဲ့ခြင်းဖြစ်၏။
3:5 ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။
3:6 ကိုယ်တော်၌တည်နေသောသူတိုင်းသည် အပြစ်ပြုနေခြင်းမရှိ။ အပြစ်ပြုနေသောသူတိုင်းသည် ကိုယ်တော်ကိုမသိမမြင်ဖူးချေ။
3:7 သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
3:8 အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
3:9 ဘုရားသခင်ထံမှပေါက်ဖွားလာသောသူ မည်သူ၌မဆို ဘုရားသခင်၏မျိုးစေ့တည်နေသည်ဖြစ်၍ ထိုသူသည် အပြစ်ကိုပြုနေခြင်းမရှိ။ သူသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောကြောင့် အပြစ်ကိုဆက်၍မပြုနိုင်။
3:10 ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
3:11 ငါတို့သည် အချင်းချင်းချစ်ကြရမည်ဟူသော ဤသတင်းစကားသည် အစအဦးကပင် သင်တို့ကြားနာရသောသတင်းစကားဖြစ်၏။
3:12 မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
3:13 ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် မအံ့ဩကြနှင့်။
3:14 ငါတို့သည် ညီအစ်ကိုတို့ကို ချစ်ကြသောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်ကြောင်း ငါတို့သိကြ၏။ မချစ်သောသူ မူကား သေခြင်း၌တည်၏။
3:15 မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။
3:16 ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။
3:17 တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။
3:18 သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ် အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။
3:19 ဤသို့ဖြင့် ငါတို့သည် သမ္မာတရားနှင့်စပ်ဆိုင်သောသူဖြစ်ကြောင်းကိုသိကြ၍ ဘုရားသခင်ရှေ့တော်၌ ငါတို့၏စိတ်နှလုံးကို ငြိမ်သက်စွာရှိစေကြလိမ့်မည်။
3:20 ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်တင်ခဲ့လျှင်လည်း ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူ၏။
3:21 ချစ်ရသောသူတို့၊ ငါတို့၏စိတ်နှလုံးသည် ငါတို့ကိုအပြစ်မတင်လျှင် ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချမှုရှိကြပြီး
3:22 တောင်းလျှောက်သမျှတို့ကို ဘုရားသခင်ထံမှရကြ၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း၍ ရှေ့တော်၌ နှစ်သက်တော်မူသောအရာများကို ပြုကြသောကြောင့်ဖြစ်၏။
3:23 ဘုရားသခင်၏ပညတ်တော်ကား သားတော်ယေရှုခရစ်တော်၏နာမတော်ကိုယုံကြည်၍ ငါတို့အားပေးထားသည့်ပညတ်တော်အတိုင်း အချင်းချင်းချစ်ကြရန်ဖြစ်၏။
3:24 ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။