1 John 5
5:1 ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။
5:2 ငါတို့သည် ဘုရားသခင်ကိုချစ်၍ ဘုရားသခင်၏ပညတ်တော်တို့ကိုလိုက်နာကျင့်သုံးကြလျှင် ထိုအမှုအရာအားဖြင့် ငါတို့သည် ဘုရားသခင်၏သားသမီးများကိုချစ်ကြောင်း ငါတို့သိကြ၏။
5:3 ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။
5:4 အကြောင်းမူကား ဘုရားသခင်ထံမှပေါက်ဖွားလာသောသူတိုင်းသည် လောကကိုအောင်နိုင်၏။ လောကကိုအောင်နိုင်သော အောင်ပွဲမှာ ငါတို့၏ယုံကြည်ခြင်းပင်ဖြစ်၏။
5:5 မည်သူသည် လောကကိုအောင်နိုင်သနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်သောသူပင်မဟုတ်လော။
5:6 ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက်သေခံသောအရှင်ဖြစ်၏။ အကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူ၏။
5:7 ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။
5:9 ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘုရားသခင်၏သက်သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသောသက်သေခံတော်မူချက်ဖြစ်၏။
5:10 ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။
5:11 ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။
5:12 သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ။
5:13 ဘုရားသခင့်သားတော်၏နာမတော်ကိုယုံကြည်သောသင်တို့ထံ ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့သည် ထာဝရအသက်ကိုရရှိပြီဖြစ်ကြောင်း သင်တို့သိကြစေရန်ဖြစ်၏။
5:14 ဘုရားသခင်၌ ငါတို့ထားရှိသောယုံကြည်စိတ်ချမှုကား ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုကိုတောင်းလျှောက်လျှင် ဘုရားသခင်သည်နားညောင်းတော်မူ၏ဟူ၍ဖြစ်၏။
5:15 ငါတို့တောင်းလျှောက်သမျှကို နားညောင်းတော်မူကြောင်း ငါတို့သိလျှင် ဘုရားသခင်ထံတောင်းလျှောက်ခဲ့သောအရာများကို ငါတို့ရရှိပြီဖြစ်ကြောင်း ငါတို့သိကြ၏။
5:16 တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။
5:17 မတရားမှုရှိသမျှသည် အပြစ်ဖြစ်၏။ သို့သော် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးလည်းရှိ၏။
5:18 ဘုရားသခင်ထံမှပေါက်ဖွားလာသောသူသည် အပြစ်ပြုနေခြင်းမရှိကြောင်း ငါတို့သိကြ၏။ ဘုရားသခင်ထံမှပေါက်ဖွားလာသောအရှင်သည် သူ့ကိုစောင့်ရှောက်တော်မူသောကြောင့် မာရ်နတ်သည် သူ့ကိုမထိခိုက်နိုင်။
5:19 ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြသည်ကိုလည်းကောင်း၊ ကမ္ဘာလောကတစ်ခုလုံးသည် မာရ်နတ်လက်အောက်၌ရှိသည်ကိုလည်းကောင်း ငါတို့သိကြ၏။
5:20 ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
5:21 သားသမီးတို့၊ ရုပ်တုများကိုရှောင်ကြဉ်ကြလော့။