1 John 4
4:1 ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။
4:2 ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ဤသို့သောအားဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့သိကြ၏။
4:3 ယေရှု ကိုဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်သည် လာတော့မည်ဟု သင်တို့ကြားခဲ့သည့်အတိုင်း ယခု ဤလောက၌ရှိနှင့်ပြီဖြစ်သော ခရစ်တော်ကိုဆန့်ကျင်အန်တုသူ၏ဝိညာဉ်ဖြစ်၏။
4:4 သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။
4:5 ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။
4:6 ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။
4:7 ချစ်ရသောသူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည်လည်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။
4:8 ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။
4:9 ငါတို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့၌ ထင်ရှား၏။
4:10 ငါတို့သည် ဘုရားသခင်ကိုချစ်ခဲ့သည်မဟုတ်။ ဘုရားသခင်ကသာ ငါတို့ကိုချစ်တော်မူ၍ ငါတို့၏အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာအဖြစ် မိမိ၏သားတော်ကို စေလွှတ်တော်မူ၏။ ဤအမှုအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။
4:11 ချစ်ရသောသူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူလျှင် ငါတို့သည်လည်း အချင်းချင်းချစ်သင့်၏။
4:12 ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးသော်လည်း ငါတို့အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။
4:13 ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ငါတို့အားပေးတော်မူသောကြောင့် ငါတို့သည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ငါတို့၌တည်တော်မူကြောင်းကို ငါတို့သိကြ၏။
4:14 ခမည်းတော်သည် သားတော်ကို လောက၏ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့သည်ကို ငါတို့မြင်၍ သက်သေခံကြ၏။
4:15 မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
4:16 ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
4:17 ငါတို့သည် တရားစီရင်တော်မူရာနေ့၌ ယုံကြည်စိတ်ချမှုရှိစေရန် ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ အကြောင်းမူကား ငါတို့သည်လည်း ဤလောကတွင် ကိုယ်တော်ကဲ့သို့ဖြစ်ကြ၏။
4:18 ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။ ကြောက်ရွံ့ခြင်းသည် အပြစ်ဒဏ်ခံရခြင်းနှင့်သက်ဆိုင်သည်ဖြစ်၍ စုံလင်သောချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ရှားတတ်၏။ ထို့ကြောင့် ကြောက်တတ်သောသူသည် ချစ်ခြင်းမေတ္တာနှင့်မပြည့်စုံသေး။
4:19 ဘုရားသခင်သည် ငါတို့ကိုဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်လည်းချစ်ကြ၏ ။
4:20 တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကိုချစ်၏”ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ မြင်ရသောမိမိညီအစ်ကိုကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို မချစ်နိုင် ။
4:21 “ဘုရားသခင်ကိုချစ်သောသူသည် မိမိညီအစ်ကိုကိုလည်း ချစ်ရမည်”ဟူသော ဤပညတ်တော်ကို ကိုယ်တော်ထံမှ ငါတို့ရရှိကြ၏။