Judges 12
12:1 ဧဖရိမ်အမျိုးသားတို့သည် ဇာဖုန်မြို့သို့ စုရုံးချီတက်လာပြီး ယေဖသအား “သင်သည် အမ္မုန်အမျိုးသားတို့ကို ချီတက်တိုက်ခိုက်သောအခါ ငါတို့ကို အဘယ်ကြောင့်မခေါ်သနည်း။ ယခု သင်နှင့်သင့်အိမ်ကို မီးရှို့ပစ်မည်”ဟု ပြောကြ၏။
12:2 ယေဖသကလည်း သူတို့အား “ငါနှင့်ငါ့လူတို့ အမ္မုန်အမျိုးသားတို့နှင့် ပြင်းထန်စွာခိုက်ရန်ဖြစ်ပွားခဲ့စဉ်က သင်တို့ကို ငါခေါ်သော်လည်း သင်တို့သည် ငါ့ကို သူတို့လက်မှ မကယ်ကြပေ။
12:3 သင်တို့မကယ်ကြောင်း သိသောအခါ ငါသည်အသက်ကိုစွန့်၍ အမ္မုန်အမျိုးသားတို့ထံ ကူးသွား၏။ ထာဝရဘုရားကလည်း ထိုသူတို့ကို ငါ့လက်သို့အပ်တော်မူ၏။ ယနေ့ သင်တို့သည် အဘယ်ကြောင့် ငါ့ကို လာတိုက်ကြသနည်း”ဟု ပြန်ပြော၏။
12:4 ထို့နောက် ယေဖသသည် ဂိလဒ်ပြည်သားအပေါင်းတို့ကို စုရုံး၍ ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်လေ၏။ “ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်ပြည်၊ မနာရှေပြည်တို့မှ ထွက်ပြေးလာသောဝရမ်းပြေးများသာဖြစ်သည်”ဟု ဆိုသောကြောင့် ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်အမျိုးသားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
12:5 ဂိလဒ်ပြည်သားတို့သည် ဧဖရိမ်တို့ပိုင်သောဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီးဖြစ်၍ ထိုနေရာသို့ ဧဖရိမ်အမျိုးသားတစ်ယောက်ယောက်က ထွက်ပြေးလာပြီး “အကျွန်ုပ် ဖြတ်ကူးပါရစေ”ဟု ဆိုလျှင် ဂိလဒ်ပြည်သားတို့က “သင်သည် ဧဖရိမ်အမျိုးသားလော”ဟု မေး၍ သူက “မဟုတ်ပါ”ဟု ဖြေလျှင်
12:6 သူတို့က “ရှိဗောလက်”ဟု ဆိုခိုင်းသည်ကို ထိုသူက အသံထွက်မမှန်ဘဲ “သိဗောလက်”ဟု အသံထွက်မိလျှင် သူ့ကိုဖမ်း၍ ဂျော်ဒန်မြစ်ရေတိမ်ပိုင်း၌ပင် သတ်ပစ်၏။ ထိုစဉ်က ဧဖရိမ်အမျိုးသားတို့ လေးသောင်းနှစ်ထောင် ကျဆုံးလေ၏။
12:7 ယေဖသသည် အစ္စရေးလူမျိုးတို့ကို ခြောက်နှစ်စီရင်အုပ်ချုပ်၏။ ထို့နောက် ဂိလဒ်ပြည်သားယေဖသသည် သေဆုံးသဖြင့် ဂိလဒ်ပြည်ရှိသူ့နေရင်းမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။
12:8 ယေဖသသေဆုံးပြီးနောက်တွင် ဗက်လင်မြို့သား ဣဗဇန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
12:9 ထိုသူ၌ သားအယောက်သုံးဆယ်၊ သမီးအယောက်သုံးဆယ်ရှိ၏။ သူသည် သမီးအယောက်သုံးဆယ်ကို အခြားမျိုးနွယ်စုတို့နှင့်ပေးစားပြီး သားအယောက်သုံးဆယ်အတွက် အခြားမျိုးနွယ်စုမှ အမျိုးသမီးအယောက်သုံးဆယ်ကို ခေါ်ဆောင်လာပေး၏။ သူသည် အစ္စရေးလူမျိုးတို့ကို ခုနစ်နှစ်စီရင်အုပ်ချုပ်၏။
12:10 ထို့နောက် ဣဗဇန်သေဆုံး၍ သူ့ကို ဗက်လင်မြို့တွင် သင်္ဂြိုဟ်ကြ၏။
12:11 ဣဗဇန်သေဆုံးပြီးနောက် ဇာဗုလုန်အမျိုး ဧလုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။ သူသည် အစ္စရေးလူမျိုးတို့ကို ဆယ်နှစ်စီရင်အုပ်ချုပ်၏။
12:12 ထို့နောက် ဇာဗုလုန်အမျိုးဧလုန် သေဆုံး၍ သူ့ကို ဇာဗုလုန်နယ်မြေရှိ အာယလုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။
12:13 ဧလုန်သေဆုံးပြီးနောက်တွင် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်၏။
12:14 ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
12:15 ထို့နောက် ပိရသုန်မြို့သား၊ ဟိလေလ၏သား အာဗဒုန်သည် သေဆုံး၍ သူ့ကို ဧဖရိမ်နယ်မြေ၊ အာမလက်တောင်ပေါ်ဒေသရှိ ပိရသုန်မြို့တွင် သင်္ဂြိုဟ်ကြ၏။