Judges 13
13:1 တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အနှစ်လေးဆယ်အပ်လိုက်တော်မူ၏။
13:2 ထိုစဉ်က ဒန်မျိုးနွယ်စုမှ မာနော်အမည်ရှိသော ဇောရာမြို့သားတစ်ဦးရှိ၏။ သူ၏မယားသည် မြုံသောကြောင့် သားသမီး မရှိ။
13:3 ထာဝရဘုရား၏ကောင်းကင်တမန်က ထိုအမျိုးသမီးအား ကိုယ်ထင်ရှားပြလျက် “သင်သည် မြုံသောကြောင့် သားသမီး မရခဲ့သော်လည်း ယခု ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။
13:4 ထို့ကြောင့် သတိပြုလော့။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။
13:5 အကြောင်းမူကား သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။ သူ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ သူငယ်သည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ဦးဆောင်ကယ်တင်လိမ့်မည်”ဟု ဆို၏။
13:6 ထိုအမျိုးသမီးကလည်း မိမိခင်ပွန်းထံသွား၍ “ဘုရားသခင်၏လူတစ်ဦး အကျွန်ုပ်ထံ ရောက်လာ၏။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်အဆင်းကဲ့သို့ အဆင်းသဏ္ဌာန်ရှိ၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။ သူအဘယ်ကလာသည်ကို မမေးမိ။ သူ့အမည်ကိုလည်း သူမပြော။
13:7 သူက အကျွန်ုပ်အား ‘ကြည့်ရှုလော့။ သင်သည် ကိုယ်ဝန်ဆောင်၍သားယောက်ျားကို မွေးဖွားမည်။ ထို့ကြောင့် စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်နှင့်၊ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားနှင့်။ သူသည် အမိဝမ်းထဲမှစ၍ သေဆုံးသည့်နေ့တိုင် ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်’ဟူ၍ မိန့်ဆိုသည်”ဟု ပြောပြလေ၏။
13:8 ထိုအခါ မာနော်က “အို ဘုရားရှင်၊ ကိုယ်တော်စေလွှတ်တော်မူသောဘုရားသခင်၏လူကို အကျွန်ုပ်တို့ထံ တစ်ဖန် ကြွလာစေတော်မူပါ။ မွေးဖွားလာမည့်သူငယ်ကို အကျွန်ုပ်တို့ မည်သို့ပြုစုရမည်ကို အကျွန်ုပ်တို့အား သင်ပြပေးစေတော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းလေ၏။
13:9 ဘုရားသခင်သည် မာနော်၏ဆုတောင်းသံကို နားညောင်းတော်မူ၏။ မာနော်၏မိန်းမက ကွင်းပြင်၌ထိုင်နေစဉ် ဘုရားသခင်၏ကောင်းကင်တမန်သည် သူ့ထံ နောက်တစ်ဖန်ရောက်လာ၏။ ထိုအချိန်တွင် သူ့ခင်ပွန်းမာနော်သည် သူနှင့်အတူ မရှိ။
13:10 ထိုမိန်းမသည် ခင်ပွန်းသည်ထံ အလျင်အမြန်ပြေးသွား၍ “ယခင်နေ့က အကျွန်ုပ်ထံရောက်လာသောသူသည် ယခု အကျွန်ုပ်အား ကိုယ်ထင်ရှားပြပြန်ပြီ”ဟု ဆို၏။
13:11 မာနော်သည်လည်း ထ၍ မိမိမယားနောက်သို့ လိုက်သွား၏။ ထိုသူ့ထံရောက်သောအခါ “သင်သည် အကျွန်ုပ်မယားနှင့် စကားပြောခဲ့သောသူလော”ဟု မေးရာ ထိုသူက “ဟုတ်ပါ၏”ဟု ပြန်ဖြေ၏။
13:12 မာနော်ကလည်း “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သူငယ်သည် မည်သို့ပြုမူနေထိုင်ရမည်နည်း၊ မည်သည့်အလုပ်ကို လုပ်ရမည်နည်း”ဟု မေးလျှောက်၏။
13:13 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “ငါမှာထားသောစကားအားလုံးကို သင်၏မယား လိုက်နာရမည်။
13:14 သူသည် စပျစ်ပင်မှထွက်သောအရာဟူသမျှကို မစားရ။ စပျစ်ဝိုင်ဖြစ်စေ၊ သေရည်သေရက်ဖြစ်စေ မသောက်ရ။ မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ မစားရ။ ငါမှာထားသမျှအတိုင်း လိုက်နာရမည်”ဟု ဆို၏။
13:15 မာနော်ကလည်း ထာဝရဘုရား၏ကောင်းကင်တမန်အား “မသွားပါနှင့်ဦး။ သင့်အတွက် ဆိတ်သငယ်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပါမည်”ဟု လျှောက်ဆို၏။
13:16 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း မာနော်အား “သင် ငါ့ကိုတားထားသော်လည်း သင်ကျွေးသောအစာကို ငါစားမည်မဟုတ်။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင်မူကား ထာဝရဘုရားထံ ပူဇော်ရမည်”ဟု ဆို၏။ ထိုသူသည် ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်းကို မာနော် မသိချေ။
13:17 ထို့ကြောင့် မာနော်က ထာဝရဘုရား၏ကောင်းကင်တမန်အား “သင်ပြောသည့်အတိုင်း ဖြစ်လာသောအခါ သင့်ကို ချီးမွမ်းထောမနာပြုရမည့်အကြောင်း သင်၏အမည်ကို သိပါရစေ”ဟု လျှောက်ဆို၏။
13:18 ထာဝရဘုရား၏ကောင်းကင်တမန်က သူ့အား “အဘယ်ကြောင့် ငါ့အမည်ကို မေးသနည်း။ ငါ့အမည်သည် အလွန်အံ့ဩဖွယ်ကောင်း၏”ဟု ပြန်ပြော၏။
13:19 မာနော်ကလည်း ဆိတ်သငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ကျောက်ပေါ်တင်၍ ထာဝရဘုရားထံ ပူဇော်လေ၏။ မာနော်နှင့် သူ့မယားတို့ ကြည့်နေစဉ်မှာပင် အံ့ဩဖွယ်အမှုတစ်ခုဖြစ်ပေါ်လေ၏။
13:20 ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
13:21 ထာဝရဘုရား၏ကောင်းကင်တမန်သည် မာနော်နှင့် သူ့မယားအား နောက်တစ်ဖန် ကိုယ်ထင်ရှားမပြတော့ချေ။ မာနော်သည်လည်း ထိုသူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်ကြောင်း သိလေ၏။
13:22 မာနော်က မိမိမယားအား “ငါတို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီဖြစ်၍ အမှန်ပင်သေရတော့မည်”ဟု ဆို၏။
13:23 သူ့မယားကလည်း “ထာဝရဘုရားသည် ငါတို့ကို သေစေလိုလျှင် ငါတို့ပူဇော်သော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူမည်မဟုတ်။ ငါတို့အား ဤအဖြစ်အပျက်များကို ပြတော်မူမည်မဟုတ်၊ ယခုကဲ့သို့ ငါတို့ကို စကားပြောတော်မူမည်မဟုတ်”ဟု ပြန်ပြောလေ၏။
13:24 ထို့နောက်မှ မာနော်၏မယားသည် သားယောက်ျားကို ဖွားမြင်၍ သူ့ကို ရှံဆုန်ဟုအမည်မှည့်ခေါ်၏။ သူငယ်သည် ကြီးပြင်းလာ၏။ ထာဝရဘုရားသည်လည်း သူ့ကို ကောင်းချီးပေးတော်မူ၏။
13:25 သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။