1 Samuel 4
4:1 ရှမွေလ၏စကားသည် အစ္စရေးတစ်မျိုးလုံးထံသို့ ရောက်ရှိ၏။ ယခုတွင် အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်၍ ဧဗနေဇာမြို့တွင် စခန်းချကြ၏။ ဖိလိတ္တိလူမျိုးတို့ကား အာဖက်မြို့တွင် စခန်းချကြ၏။
4:2 ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့နှင့် စစ်ခင်းကျင်းကြရာ စစ်ပွဲပြင်းထန်၍ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ စစ်မြေပြင်တွင် အစ္စရေးလူမျိုးလေးထောင်ခန့် ကျဆုံးလေ၏။
4:3 စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။
4:4 ထို့နောက် ရှိလောမြို့သို့ လူလွှတ်၍ ခေရုဗိမ် အထက်တွင် စံနေတော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ရှိလောမြို့မှ ယူဆောင်လာစေ၏။ ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်နှင့်အတူ လိုက်ပါလာကြ၏။
4:5 တပ်စခန်းထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရောက်လာသောအခါ အစ္စရေးလူမျိုးအပေါင်းတို့သည် မြေကြီးတုန်လှုပ်မတတ် ကျယ်လောင်စွာကြွေးကြော်ကြလေ၏။
4:6 ထိုကြွေးကြော်သံကို ကြားသောအခါ ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲတပ်စခန်းမှ ကြွေးကြော်သံကြီးကား အဘယ်နည်း”ဟု မေးမြန်းစူးစမ်း၍ တပ်စခန်းထဲသို့ ထာဝရဘုရား၏သေတ္တာတော် ရောက်လာကြောင်းသိရလျှင်
4:7 ဖိလိတ္တိလူမျိုးတို့သည် ကြောက်ရွံ့ကြ၍ “တပ်စခန်းအတွင်းသို့ ဘုရားသခင် ရောက်လေပြီ။ ငါတို့၌ အမင်္ဂလာဖြစ်လေပြီ။ ယခင်က ဤသို့တစ်ခါမျှမဖြစ်စဖူး။
4:8 ငါတို့၌ အမင်္ဂလာ ဖြစ်လေပြီ။ ဤတန်ခိုးကြီးသောဘုရား၏လက်မှ ငါတို့ကို မည်သူကယ်တင်မည်နည်း။ ဤဘုရားကား တောကန္တာရ၌ အီဂျစ်လူမျိုးတို့ကို ကပ်ရောဂါအမျိုးမျိုးဖြင့် ဒဏ်ခတ်တော်မူသောဘုရားဖြစ်၏။
4:9 အို ဖိလိတ္တိလူမျိုးတို့၊ အားယူကြလော့။ ယောက်ျားပီသကြလော့။ သို့မဟုတ်လျှင် ဟေဗြဲလူမျိုးတို့သည် သင်တို့ထံ၌ ကျွန်ခံခဲ့ရသကဲ့သို့ သင်တို့သည် သူတို့ထံ ကျွန်ပြန်ခံရမည်။ ထို့ကြောင့် ယောက်ျားပီပီ တိုက်ကြလော့”ဟု ပြောဆိုကြပြီး
4:10 ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ကြရာ အစ္စရေးလူမျိုးတို့ ရှုံးနိမ့်သဖြင့် မိမိတို့တဲသို့ အသီးသီးပြန်ပြေးကြလေ၏။ တိုက်ပွဲပြင်းထန်လွန်းသဖြင့် အစ္စရေးလူမျိုးတို့ဘက်မှ ခြေလျင်တပ်သားသုံးသောင်းကျဆုံးလေ၏။
4:11 ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွားပြီး ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးလေ၏။
4:12 ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။
4:13 ထိုသူရောက်လာသောအချိန်တွင် ဧလိသည် ဘုရားသခင်၏သေတ္တာတော်အတွက် စိတ်ပူပန်သဖြင့် လမ်းဘေးထိုင်ခုံပေါ်၌ ထိုင်လျက်စောင့်နေ၏။ ထိုသူသည် မြို့ထဲသို့ရောက်လာပြီး စစ်သတင်းကို ပြောကြားသောအခါ တစ်မြို့လုံးအော်ဟစ်ငိုကြွေးကြ၏။
4:14 ထိုအော်ဟစ်သံများကို ဧလိကြားလျှင် “ဤအုတ်အော်သောင်းနင်းအသံများကား အဘယ်သို့နည်း”ဟု မေး၏။ ထိုသူလည်း အလျင်အမြန်လာပြီး ဧလိအားပြောပြလေ၏။
4:15 ထိုအချိန်၌ ဧလိသည် အသက်ကိုးဆယ့်ရှစ်နှစ်အရွယ်ရှိပြီး မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။
4:16 ထိုသူက ဧလိအား “အကျွန်ုပ်သည် စစ်မြေပြင်မှ ထွက်ပြေးလာသူဖြစ်ပါ၏။ ယနေ့ပင် စစ်မြေပြင်မှ ထွက်ပြေးလာပါ၏”ဟု ပြောလျှင် ဧလိက “ငါ့သား၊ အခြေအနေ မည်သို့ရှိသနည်း”ဟု မေး၏။
4:17 စစ်သတင်းကြားပြောသူကလည်း “အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးရပါ၏။ လူအမြောက်အမြား ကျဆုံးပါ၏။ သခင်၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးပါပြီ။ ဘုရားသခင်၏သေတ္တာတော်လည်း ရန်သူ့လက်သို့ ပါသွားပါပြီ”ဟု ကြားပြောလေ၏။
4:18 ထိုသို့ ဘုရားသခင်၏သေတ္တာတော်အကြောင်းကို ကြားလိုက်ရသောအခါ ဧလိသည် မြို့တံခါးနား သူထိုင်နေသောထိုင်ခုံပေါ်မှ အနောက်သို့လန်ကျရာ အသက်လည်းကြီး လူလည်းဝသဖြင့် ဇက်ကျိုးကာ သေလေ၏။ သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ် စီရင်အုပ်ချုပ်ခဲ့၏။
4:19 သူ၏ချွေးမဖြစ်သူ ဖိနဟတ်၏မယားသည်လည်း သားဖွားခါနီးကိုယ်ဝန်အရင့်အမာနှင့် ဖြစ်နေ၍ ဘုရားသခင်၏သေတ္တာတော် ရန်သူ့လက်သို့ပါသွားကြောင်း၊ ယောက္ခမနှင့်ခင်ပွန်းသေဆုံးကြောင်း သတင်းများကြားရသောအခါ ချက်ချင်းပင် သားဖွားခြင်းဝေဒနာအလူးအလိမ့်ခံစားလာရ၍ သားဖွားလေ၏။
4:20 သူသေခါနီးတွင် သူ့အနီးရှိအမျိုးသမီးများက “မကြောက်နှင့်၊ သင် သားယောက်ျားလေးမွေးပြီ”ဟု ဆိုသော်လည်း သူပြန်မပြောနိုင်၊ အရေးလည်းမစိုက်နိုင်တော့ပေ။
4:21 ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွား၍ ယောက္ခမနှင့်ခင်ပွန်းသည်တို့လည်း ဆုံးပါးသွားသောကြောင့် “အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားပြီ”ဟု ဆိုလျက် ထိုသူငယ်၏အမည်ကို ဣခဗုဒ် ဟုမှည့်ခေါ်လေ၏။
4:22 ထို့နောက် သူက “ဘုရားသခင်၏သေတ္တာတော်သည် ရန်သူတို့လက်သို့ပါသွားပြီဖြစ်၍ အစ္စရေးလူမျိုးထံမှ ဘုန်းအသရေ ပျောက်ကွယ်သွားလေပြီ”ဟု ဆိုလေ၏။